ပြည်ထောင်စုကျော်နိုင် (၁၉၂၄ - ၂၀၁၁)

Listing Description

ပြည်ထောင်စုကျော်နိုင်ကို ဦးမောင်ကြီး၊ ဒေါ်စိန်ခိုင်တို့က ၁၉၂၄ ခုနှစ်၊ မေလ ၁၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၌ မွေးဖွားသည်။ မွေးချင်းညီအစ်ကိုနှစ်ဦးရှိသည့်အနက် အငယ်ဖြစ်ပြီး အမည်ရင်းမှာ ဦးအေးမြင့်ဖြစ်သည်။ ပြည်ထောင်စုကျော်နိုင်သည် ဟာသသရုပ်ဆောင်အေးမြင့်အမည်ဖြင့် ရုပ်ရှင်နှင့်ပြဇာတ်များ၌ ဝင်ရောက်သရုပ်ဆောင်ခဲ့ပြီး ပြန်ကြားရေးဌာန၌ လက်ထောက်ပြည်သူ့ဆက်ဆံရေးအရာရှိ (APRO) အဖြစ် မြိတ်မြို့၊ ထားဝယ်မြို့၊ ရန်ကုန်မြို့နှင့် ခန္တီးမြို့များ၌ တာဝန်ထမ်းဆောင်ခဲ့ကာ အငြိမ်းစားယူခဲ့သည်။

ပြည်ထောင်စုကျော်နိုင်အမည်ဖြင့် ၁၉၆၅ ခုနှစ်ခန့်မှစ၍ ပြည်ထောင်စုသတင်းစာတိုက်၌ ရုပ်ရှင်သတင်း၊ ဇာတ်သဘင်သတင်း၊ ဂီတသတင်းဆိုင်ရာ တာဝန်ခံအယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်တထောင်သတင်းစာတိုက်၌ တာဝန်ထမ်းဆောင်ရင်း ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ မေတ္တာပန်းဥယျာဉ်၊ တိမ်လွှာမို့မို့လွင်၊ ကျောက်မဲအကျဉ်းသားစသည့် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀ဝ ခန့်၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီး "မြမျိုးမြင့်မှန်" ဇာတ်ကားကို နောက်ဆုံးရိုက်ကူးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။

ပြည်ထောင်စုကျော်နိုင်သည် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်မြနု၊ သားတစ်ဦး၊ သမီးတစ်ဦးနှင့် မြေး ၁၁ ဦးကျန်ရစ်သည်။