မြန်မာပညာရှိ ဦးအောင်

Listing Description

ဦးအောင်မှာ မုံရွာနယ် ထနောင်းတောရွာ၌ အဖ ထီးလှိုင်တိုက်စား အကြီးတော်ချုပ် ဦးပေါ်ထင်*၏ သား ဖြစ်သည်။ ၁၈၄၈ ခန့်တွင် ဖွားမြင်သည်။ ငယ်မည်မှာ မောင်အောင် ဖြစ်သည်။ အမိ အမည်ကိုမူ စူးစမ်း၍ မရချေ။

အရွယ်ရောက်သော် အလုံမြို့ အရှေ့ဘက် နှစ်ယူဇနာအကွာ မလဲသာရွာအနီး တောရဆောက်တည်သော ဝိစိတ္တာဘိလင်္ကာရ ကဝိဓဇ ဓမ္မသေနာပတိ အတုလဓိပတိ တိပိဋကဓရ သဓမ္မပါလ မဟာ ဓမ္မရာဇာဓိ ရာဇဂုရု တံဆိပ်တော်ရ သံဘို ဆရာတော်ကြီးကို ဥပဇ႙ာယ်ပြု၍ ရဟန်းဝတ်သည်။ ဘွဲ့မှာ ရှင်ဣန္ဒာစရိယ ဖြစ်သည်။ သံဘို ဆရာတော်ကြီးထံတွင် ပညာ ဆည်းပူးသည်။

ထို့နောက် ရန်ကုန် ပုဇွန်တောင် ရေကျော် ဘုရားဖြူတိုက်အုပ် ဝစ္စဝါစကဋီကာ ကျမ်းပြု အရင်နန္ဒိယာဘိဇေ၊ နာဂိန္ဒာဘိ သိရီပဝရ သဒ္ဓမ္မပါလ မဟာဓမ္မရာဇာဓိ ရာဇဂုရု တံဆိပ်တော်ရ အဘိဓမ္မတ္တသင်္ဂဟမဓု ကျမ်းပြု မိုးကောင်း ဆရာတော်ကြီး၊ သုဇာတာဘိလင်္ကာရ ကဝိဓဇ ဘွဲ့မည်ရ ဦးရန်ကုန် ဆရာတော်ကြီး၊ ကိုးထောင် (ကိုးဆောင်) ဆရာတော် ရှင်သုနန္ဒာဘိဓဇ၊ စမ်းကျဆရာတော် ရှင်ဣန္ဒကာဘိဓဇ၊ မော်လမြိုင် ကမာကျည် ဆရာတော်တို့ ထံတွင်လည်း ဆက်လက်၍ ပညာဆည်းပူးခဲ့ကြောင်း 'အယူတော်မင်္ဂလာ လျှောက်ထုံး' တွင် ဖော်ပြပါရှိသည်။

ဦးအောင် ပြုစုခဲ့သည့် မှတ်ဖွယ်မှတ်ရာ ကျမ်းများမှာ-

ကဝိသေတ္တု မဉ္ဇူသာကျမ်း (ပထမတွဲ) [အမတ်ကြီး ဦးပေါ်ဦး လျှောက်ထုံး] (၁၉ဝ၈)၊

ကဝိသာရ မဉ္ဇူသာကျမ်း [အယူတော်မင်္ဂလာ လျှောက်ထုံး] (၁၉ဝ၉)၊

ကဝိန္ဒာဝုဓ မဉ္ဇူသာကျမ်း [သင်္ဂဇာ ဆရာတော်ဘုရားကြီး၏ ပုံပြင်ပမျည်း စကားထုံးများ] (၁၉၁ဝ)၊

ကဝိသေနင်္ဂဗျူဟာကျမ်း [ရှင်ဥတ္တမကျော်နှင့် ခုံတော်မောင်ကျဘမ်း စကားစစ်၊ တရားစစ်ထိုးခန်း] (၁၉၁ဝ)၊

ဥပမာသမူဟ ပကိဏ္ဏကကျမ်း [စကားပုံပေါင်းချုပ်] (၁၉၁၁)၊

ဥပမာသင်္ဂဟ ဝစနက္ကမကျမ်း [၄ တွဲ]

ဒလ္လီမြို့တော်ကြီး ပညာရှိ ဗိရဗလအမတ်ကြီး လျှောက်ထုံး (၁၉၁၂) တို့ ဖြစ်ကြသည်။

ဦးအောင် စဦး ထီထွင် ပြုစုသည့် 'အမတ်ကြီး ဦးပေါ်ဦး လျှောက်ထုံးဖြစ်သော ကဝိသေတ္တုမဉ္ဇူသာကျမ်း' သည် ၁၉ဝ၈ ခုနှစ်ကျမှ စာအုပ်အဖြစ်နှင့် ထွက်လာသော်လည်း ၁၉ဝ၇ ကပင် ရေးသားပြီးဆုံးခဲ့ကြောင်း စာအုပ်နိဂုံးတွင် ဖော်ပြထားသည်။ ဒီမိုင်း ၈ ချိုး၊ စာမျက်နှာ ၃၄၈ ရှိ၍ ကေနဂူမီရာအင်ဆန်းပိုင် ရတနာသီရိ ပိဋကတ် စာအုပ်ဆိုင်မှ ထုတ်ဝေသည်။ ဦးအောင်သည် ၎င်းစာအုပ်ကို ပထမတွဲ၊ ဒုတိယတွဲ စသည် ရေးသားရန် ရည်ရွယ်ချက် ရှိသည်။ သို့သော်လည်း ထုတ်ဝေသူနှင့် အဆင်မပြေသောကြောင့် တအုပ်တည်းနှင့်ပင် အဆုံးသတ်လိုက်ပြီး၊ ဆက်မရေးဘဲ ရပ်ထားခဲ့သည်။ ဒုတိကမ္ဘာစစ်မဖြစ်ခင်မှ 'မြန်မာ့တာဝန်' မဂ္ဂဇင်းတွင် 'ဦးပေါ်ဦး လျှောက်ထုံး'များကို လစဉ် ဆက်လက် ရေးသားခဲ့ပြန်သည်။

၁၉၁ဝ တွင် ဦးအောင်သည် သင်္ဂဇာ စကားပုံ စာအုပ်ကို စဦး တီထွင် ရေးသား ထုတ်ဝေလိုက်သည်။ စာအုပ်အမည် အပြည့်အစုံမှာ 'သင်္ဂဇာ ဆရာတော်ဘုရားကြီး၏ ပုံပြင်ပမျည်း စကားထုံးဖြစ်သော ကဝိန္နာဝုဓ မဉ္ဇူသာကျမ်း' ဟူ၍ ဖြစ်သည်။ ဒီမိုင်း ၈ ချိုး၊ စာမျက်နှာ ၂ဝ၄ ရှိ၍ ရန်ကုန်မြို့ ဧရာဝတီ ပုံနှိပ်တိုက်က ရိုက်နှိပ်သည်။ ရွှေနန်းတော်ကြီးကဏ္ဍ၊ ဓမ္မဝိနိစၽယကဏ္ဍ၊ ရာမညကဏ္ဍ ဟူ၍ ခွဲခြားထားပြီး သင်္ဂဇာ ဆရာတော်ကြီး မိန့်ကြားခဲ့လေဟန် ပုံစံမျိုးဖြင့် ပုံပြင်၊ ဥပမာများကို ပြဆိုရင်း လောကကြောင်း၊ ဓမ္မကြောင်း၊ ရာဇကြောင်း ဆိုင်ရာ ဗဟုသုတ အဖြာဖြာတို့ကို ဆိုင်ရာဆိုင်ရာ ကဏ္ဍများ၌ ထည့်သွင်း ရေးသားထားခြင်းပင် ဖြစ်သည်။

တဖန် ၁၉၁၁ တွင် 'ဥပမာသမူဟ ပကိဏ္ဏကကျမ်း၊ စကားပုံပေါင်းချုပ်' ကို ရေးသား ထုတ်ဝေပြန်သည်။ ဒီမိုင်း ၈ ချိုး ဖြစ်၍ ပထမတွဲ စာမျက်နှာ ၃၆ဝ၊ ဒုတိယတွဲ စာမျက်နှာ ၃၂ဝ၊ တတိယတွဲနှင့် စတုတ္ထတွဲ နှစ်တွဲကို တအုပ်တည်း ပေါင်း၍ စာမျက်နှာ ၃၈၃၊ အားလုံး သုံးအုပ်ခွဲ၍ ရိုက်ထားသည်။ ဤ စာအုပ်များတွင်မူ သင်္ဂဇာ ဆရာတော်ကြီး တပါးတည်းသာ မဟုတ်တော့ဘဲ အခြား တံဆိပ်တော်ရ ဆရာတော်ကြီးများ၏ စကားပုံများပါ ထည့်သွင်းထားသည်။ ၁၉၁၂ တွင် ဒုတိယအကြိမ် ထပ်မံ ပုံနှိပ်ရပြန်သည်။ ဤမျှလောက် အချိန်အတွင်းမှာပင် (၂) ကြိမ် ရိုက်နှိပ်ရခြင်းကို ထောက်ခြင်းဖြင့် လူကြိုက်များသော စာအုပ်ဖြစ်ကြောင်း သိရှိနိုင်ပေသည်။ ရန်ကုန်မြို့ ဗြဟ္မာ့ဝတီ ပုံနှိပ်တိုက်နှင့် မြန်မာသုခကာရီ ပုံနှိပ်တိုက်များက ရိုက်နှပ်ခဲ့ခြင်း ဖြစ်သည်။

၁၉၁၂-၁၅ ခန့် အတွင်းတွင် ထုတ်ဝေခဲ့သည့် 'ဥပမာသင်္ဂဟ ဝစနက္ကမကျမ်း' တွင်မူ သင်္ဂဇာ ဆရာတော်ကြီးနှင့် တကွ ဆရာတော်ကြီး ၁၃ ပါး၏ စကာပုံများကို ထည့်သွင်းထားသည်။ အရွယ်မှာ ဒီမိုင်း ၈ ချိုး ဖြစ်၏။ ပထမတွဲနှင့် ဒုတိယတွဲ ပေါင်းပြီး စာမျက်နှာ ၂ဝဝ တအုပ်၊ တတိယတွဲနှင့် စတုတ္ထတွဲ ပေါင်းပြီး စာမျက်နှာ ၂ဝဝ နှင့် တအုပ်၊ ၂ အုပ် ခွဲ၍ ရန်ကုန်မြို့ လောကသာရ ပုံနှိပ်တိုက်က ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ စတုတ္ထတွဲ အဆုံးတွင် "ပဉ္စမတွဲနှင့် ဆဌမတွဲကို ဆက်လက်ထုတ်ဝေမည်" ဟု ဖော်ပြထားသော်လည်း ထွက်ပေါ်လာခြင်း မရှိပေ။

ဤသို့ဖြင့် ဦးအောင် တဦးတည်းကပင် သင်္ဂဇာ စကားပုံ စာအုပ် ၃ မျိုး ခွဲကာ ပုံနှိပ်ထုတ်ဝေသူ ၃ ဦးသို့ အမည် တမျိုးစီနှင့် ရေပေးခဲ့ကြောင်း တွေ့ရှိရသည်။ ထို့ပြင် ၁၉၁ဝ တွင် ရေးသူ အမည်မသိသော 'သင်္ဂဇာ ဆရာတော်ဘုရားကြီး စကားပုံ' (၄တွဲ)၊ ၁၉၁၁ တွင် စာတော်ပြန် ဆရာသိန်း၏ 'ဥပမာ သမူဟ ဂီရက္ကမကျမ်း၊ စကားပုံပေါင်းချုပ်' တို့လည်း ထွက်ပေါ်ခဲ့ကြသည်။ ရောင်းစွံသောကြောင့်သာ အလုအယက် ရေး၊ အပြိုင်အဆိုင် ထုတ်ဝေခဲ့ကြခြင်းပင် ဖြစ်သည်။ သို့သော် ထိုစကားပုံများမှာ သင်္ဂဇာ ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် ၂၅ နှစ်ခန့်ရှိမှ ရေးသားခြင်းဖြစ်ရာ၊ နှုတ်အမှတ်အသားများကို အထောက်အထားပြုကာ ထပ်မံချဲ့ထွင် ရေးသားကြခြင်းပင် ဖြစ်တန်ရာသည်ဟု ခန့်မှန်း ယူဆကြသည်။

'ကဝိသေနင်္ဂဗျူဟာကျမ်း' နှင့် 'ဗိရဗလလျှောက်ထုံး'များနှင့် စပ်လျဉ်း၍ အသေးစိတ် အချက်အလက်များ မသိရှိရပါ။ 'ရှင်ဥတ္တမကျော်နှင့် ခုံတော်မောင်ကျဘမ်း စကားစစ်'၊ 'တရားစစ်ထိုးခန်း ခေါ် ကဝိသေနင်္ဂဗျူဟာကျမ်း' မှာ လူကြိုက်များကြောင်း၊ ရေးသလောက် မဟုတ်၊ လုပ်ကြံသည့် စကားအပိုတွေက များနေကြောင်း မှတ်ချက်တွေ့ရသည်။

ယောအတွင်းဝန် မေးသော အမေးများကို သက္ကရာဇ် ၁၂၃ဝ တွင် မိမိ၏ ဖခင် ထီးလှိုင်မြို့စား အကြီးတော်ချုပ် ဖြေဆိုခဲ့သော 'ကဝိန္ဒောပမ မဉ္ဇူသာကျမ်း' (ပထမတွဲ၊ ဒုတိယတွဲ) ကိုလည်း ဦးအောင် ကိုယ်တိုင် ကြီးကြပ် ရိုက်နှိပ်ခဲ့သည်။ ထို့ပြင် ဦးအောင်သည် မိမိကိုယ်တိုင် အမည်ခံ၍ ကျမ်းစာများ ပြုစုခဲ့သည့်နည်းတူ အခြားသူများ၏ ကျမ်းများတွင်လည်း အမည်မခံဘဲ ကူညီပြုစုခဲ့ကြောင်း တွေ့ရှိရသည်။ နဂါးဗိုလ် ထိပ်တင်ထွေး၏ ရတနာသီခ ကုန်းဘောင်မဟာရာဇဝင် အကျဉ်း နှင့် ဦးမောင်မောင်တင် (K.S.M., A.T.M.) ၏ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ကျမ်းများတွင် ဦးအောင်၏ ပါဝင်ရေးသား ကူညီခြင်းများ ရှိကြောင်း အမှတ်အသားများ တွေ့ရသည်။

ဦးအောင်သည် လူသားတဦးပင် ဖြစ်ရာ လူမှု အရှုပ်အထွေးများ၊ မူပိုင်ခွင့် တရားတဘောင် ကိစ္စများ ရှိခဲ့ကြောင်း အထောက်အထားများ ရှိခဲ့သည်။ သို့သော် ၂ဝ ရာစု ခေတ်ဦး မြန်မာ စာပေလောကတွင် ဦးအောင်သည် ဦးပေါ်ဦး လျှောက်ထုံးစာအုပ် တခေတ်ကို လည်းကောင်း၊ သင်္ဂဇာ စကားပုံ စာအုပ် မှတ်တိုင်သစ်ကို လည်းကောင်း စဦးတီထွင်ခဲ့သူ၊ ရိုက်မလောက် ရောင်းတိုင်းစွံအောင် ဦးဆောင်ခဲ့သူဖြစ်ရာ ဦးအောင်၏ အခန်းကဏ္ဍနှင့် ဉာဏ်ပညာကိုမူ မှတ်တမ်း တင်ထိုက်လှပေသည်။

"…စစ်ကြီး ပြီးသောအခါ ကျွန်ုပ်တို့သည် ရန်ကုန်လာကြရာ ကျွန်ုပ်အား အမြဲကူညီသော အကြီးတော်အုပ် ထီးလှိုင်မြို့စား ဦးကရင်၏ သား မြန်မာပညာရှိ ဦးအောင် မရှိတော့ချေ" ဟူ၍ နဂါးဗိုလ် ထိပ်တင်ဒွေး၏ 'ရန်ကုန် ရာဇဝင်' (၁၉၅၄)၊ နိဒါန်းတွင် ရေးသားထားသည်။ ထို့ကြောင့် စစ်အတွင်းမှာပင် ဦးအောင် ကွယ်လွန်ခဲ့ပုံ ရသည်ဟု ယူဆနိုင်မည် ထင်ပါသည်။