ဗြိတိသျှကိုကိုမောင်

Listing Description

သရော်စာများဖြင့် ထင်ရှားကျော်ကြားသည့် စာရေးဆရာတစ်ဦးဖြစ်သည်။ အမည်ရင်းမှာ ကျော်စွာနိုင် ဖြစ်ပြီး ၁၉၈၈ ခုနှစ်တွင် ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ မဂ္ဂတစ်လမ်းတွင် ဖွားမြင်ခဲ့သည်။ ကလောင်ခွဲမှာ ခက်ဇော် ဖြစ်သည်။

၂၀၀၃ ခုနှစ်တွင် အထက ၃ ပဲခူးမှ ဆယ်တန်းအောင်မြင်သည်။ ပဲခူးဒီဂရီကောလိပ်မှ မြန်မာစာအဓိကဖြင့် ဘွဲ့ရရှိခဲ့သည်။

ထို့နောက် ပဲခူးမြို့၊ ရန်ကုန်မြို့၊ လွိုင်ကော်မြို့တို့တွင် ပြင်ပအလုပ်အကိုင်များလုပ်ကိုင်ရင်း ကျင်လည်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် The Voice နေ့စဉ်သတင်းစာ၌ "တနေ့နှစ်ထောင်ကိုကိုမောင်" အမည်ရသရော်စာဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ The Voice သတင်းစာအပါအဝင် ပြည်တွင်းစာနယ်ဇင်းများတွင် သရော်စာများရေးသားခဲ့သည်။

ထိုခုနှစ်တွင်ပင် The Voice အပတ်စဉ်ထုတ်ဂျာနယ်တွင် "အမျိုးသားပြည့်တန်ဆာလောက" အမည်ရ စုံစမ်းဖော်ထုတ်ခြင်းဆောင်းပါးကို မျက်နှာဖုံးဆောင်းပါးအဖြစ်ဖော်ပြခြင်းခံရသည်။

The Voice မီဒီယာတွင် Contributor အဖြစ်လုပ်ကိုင်ရင်း စုံစမ်းဖော်ထုတ်ခြင်းဆောင်းပါးများ၊ လူမှုဘဝဆောင်းပါးများစွာကို ရေးသားခဲ့သည်။

၂၀၁၆ မှ ၂၀၂၀ ခုနှစ်အထိ The Real Lives Real Stories မဂ္ဂဇင်း၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

The Guys of Rangoon 1930

ကလောင်ခွဲတစ်ခုဖြစ်သော ခက်ဇော် အမည်ဖြင့်ရေးသားခဲ့သည့် The Guys of Rangoon 1930 ကို “ငါတို့စာပေ”က ၂၀၂၀ ခုနှစ်တွင် ထုတ်ဝေဖြန့်ချိခဲ့သည်။ ထိုစာအုပ်သည် ဗြိတိသျှကိုကိုမောင်၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် အခန်းဆက်ဖြင့် ရေးသားခဲ့သည်များကို ပုံနှိပ်ထုတ်ဝေခြင်းဖြစ်သော်လည်း စာအုပ်မထွက်မီကပင် နှစ်ပတ်အတွင်းမှာပင် အမှာစာတစ်သောင်းခြောက်ထောင်ကျော်အထိ ရှိခဲ့ပြီး ၂၀၂၀ အတွင်း အုပ်ရေ ၂၃၄၀၀ ရောင်းခဲ့ရပြီး အရောင်းရဆုံးစာအုပ်စာရင်းဝင်ခဲ့သည်။ ထိုစာအုပ်ကို SY Film Production က ရုပ်ရှင်အဖြစ်ရိုက်ကူးရန် စံချိန်တင်အနုပညာကြေးပေးကာ ဝယ်ယူခဲ့သည်။ အနုပညာကြေးကို ဖော်ပြထားခြင်း မရှိပေ။ ၁၉၃၀ ခုနှစ်များအတွင်းက ရန်ကုန်မြို့ လမ်းမတော်တွင် ထင်ရှာကျော်ကြားခဲ့သော လူမိုက် လမ်းမတော်ဖိုးတုတ် နှင့် ခေတ်ပြိုင်လူမိုက်များအကြောင်းကို ရေးသားထားသည့် သမိုင်းနောက်ခံရသစာပေ ဖြစ်သည်။ ထိုခေတ်များအတွင်းက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများကို ထင်ဟပ်စေသော စာအုပ်ဖြစ်သည်။

The Guys from Mandalay 1950s

The Guys of Rangoon 1930 လျှမ်းလျှမ်းတောက် အောင်မြင်ပြီးနောက် ခက်ဇော်အမည်ဖြင့် ဆက်လက်ရေးသားသော စာအုပ်ဖြစ်သည်။ ၁၉၅၀ ခုနှစ်များအတွင်းက မန္တလေးတွင်း ဓားပြမှုများစွာကို ကျူးလွန်ခဲ့သော စိန်ဓားမြောင်၏ ဘဝကို ရေးသားထားသည့် သမိုင်းနောက်ခံရသစာပေ ဖြစ်သည်။

ထင်ရှားသောစာအုပ်များ

ဗြိတိသျှကိုကိုမောင်ကလောင်ဖြင့်

ရယ်မောခြင်းသက္ကရာဇ်များ"

ကွန်မန်ဒိုဘချို

သမိုင်းဝင်သောည

ငါးပိကြော်ရနံ့ သရော်စာများ

တော်လှန်သော သရော်စာများ

၆၆(ဃ) ရှောင်နည်းနှင့် နိုင်ငံရေးသရော်စာများ

ခေတ်ဆိုးအိပ်ကပ်ထဲက လူငယ်ဘဝ

ဘောနက်ကြီးရဲဘက်စခန်းမှ လူမိုက်ကြီးများ

နေထွက်ဘုရင် (ငါတို့စာပေ)

Gender Line (2081)

ပေါ့ပေါ့ပါးပါးဒုက္ခများ

ခက်ဇော်ကလောင်ဖြင့်

The Guys of Rangoon 1930s

The Guys from Mandalay 1950s

AVA 1750s Season 1

AVA 1750s Season 2