ဗိုလ်လက်ျာ (၁၉၁၁ - ၁၉၇၈)

Listing Description

၁၉၁၁ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ဖျာပုံမြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း ဦးလှဖေ ဖြစ်သည်။ ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်းတွင် ပညာသင်ခဲ့သည်။ သူ၏ညီအရင်းမှာ ဒေါက်တာလှရွှေ (နောင်အခါ ၁၉၃၈ သပိတ်က ကျောင်းသား ခေါင်းဆောင် အာဏာရှင် လှရွှေ) ဖြစ်သည်။ ဗိုလ်လက်ျာသည် စကားပြော သိမ်မွေ့နူးညံ့ပြီး ရိုးကုပ်စွာ နေထိုင်လေ့ရှိသူလည်း ဖြစ်သည်။

တို့ဗမာအစည်းအရုံးကို ဖွဲ့စည်း တည်ထောင်ခဲ့သူများအနက် ဗိုလ်လက်ျာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ထို့အပြင် ဗမာပြည် ကွန်မြူနစ်ပါတီ စတင်တည်ထောင်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပါဝင်ခဲ့သူလည်း ဖြစ်သည်။

ဗိုလ်လက်ျာသည် ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် နိုင်ငံခြားအကူအညီ ရှာဖွေရန် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တရုတ်ပြည်သို့ ပထမဆုံး သွားခဲ့သည်။ ရဲဘော်နှစ်ယောက် ချိန်းထားသည့် အဆက်အသွယ်နှင့်လွဲပြီး သောင်တင်နေစဉ် လိုအပ်နေသည့် ရန်ပုံငွေကို ရှာဖွေခဲ့သူမှာ ဗိုလ်လက်ျာပင်ဖြစ်သည်။

ဂျပန်ပြည်၌ စစ်သင်တန်းတက်ပြီးနောက် ဗိုလ်လက်ျာကို ထိုင်းနိုင်ငံမှတဆင့် မြန်မာပြည်ထဲသို့ ဝင်ရောက်ပြီး ကျေးလက်ပြည်သူများကို တော်လှန်ရေးလှုပ်ရှားမှုထဲ ပါဝင်လာအောင် လှုံ့ဆော်စည်းရုံးရန် တာဝန်ပေးခဲ့သည်။ ဗိုလ်လက်ျာနှင့်တပ်ဖွဲ့သည် မြန်မာနိုင်ငံ တောင်ပိုင်းမှ ကျေးလက်ပြည်သူများကို စည်းရုံးပြီး တပ်သားသစ်များ စုဆောင်းခဲ့သည်။

တပ်မတော်တွင် ဗိုလ်ချုပ်အောင်ဆန်းပြီးလျှင် ဗိုလ်လက်ျာသည် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်လက်ျာကို တပ်မတော်၏ ခေါင်းဆောင်အဖြစ် သူ့နေရာမှာ အစားထိုး တာဝန်ယူစေချင်သည်ကို လုပ်ဖော်ကိုင်ဖက်များက သိကြသည်။ ဗိုလ်လက်ျာ၏ နေရာကို ပြိုင်ဆိုင်မည့် နိုင်ငံရေး ပြိုင်ဘက်များရန်မှ ဗိုလ်ချုပ်အောင်ဆန်းက သတိဖြင့် အမြဲကာကွယ်ပေးခဲ့သည်။

နု-အက်တလီ စာချုပ် ၏ နောက်ဆက်တွဲအဖြစ် ကာကွယ်ရေးဆိုင်ရာ လက်ျာ- ဖရီးမင်း စာချုပ် ကို ၁၉၄၇ ခုနှစ်တွင် လက်မှတ်ထိုးခဲ့သည်။ လက်ျာ - ဖရီးမင်း စာချုပ်သည် ဗြိတိသျှတပ်များ မြန်မာနိုင်ငံထဲ ဝင်ထွက်ခွင့်နှင့် ဗမာ့တပ်မတော်ကို စစ်သင်တန်းပေးမည့် အစီအစဉ်များ လုပ်ဆောင်နိုင်အောင် အထောက်အပံ့ ဖြစ်စေခဲ့သည့်အတွက် ဗိုလ်လက်ျာကို ဗြိတိသျှလိုလားသူအဖြစ် စွပ်စွဲခဲ့ကြသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံရပြီးနောက် တစ်နှစ်အကြာတွင် မြန်မာအစိုးရကို တိုက်နေသော ကရင်ခေါင်းဆောင်များကို ထောက်ခံနေသည်ဟု စွပ်စွဲခြင်းခံရပြီး ဗိုလ်လက်ျာသည် တပ်မတော်မှ နုတ်ထွက်ခဲ့ရသည်။ ဖဆပလ အဖွဲ့ချုပ်ထဲ ဝင်ခဲ့ပြီး နိုင်ငံရေး လုပ်ခဲ့သည်။ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။

၁၉၅ဝ ပြည့်လွန်နှစ်များအတွင်းတွင် လက်ျာကုမ္ပဏီနှင့် မာတဘမ်ကုမ္ပဏီတို့ကို ထူထောင်ပြီး အောင်မြင်သည့် စီးပွားရေးသမား အဖြစ်ဖြင့် နိုင်ငံခြားကို ရေထွက်ပစ္စည်း တင်ပို့သောလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ဗိုလ်လက်ျာနှင့် ချမ်းသာကြွယ်ဝကြသော သူ့မိသားစုသည် မြန်မာ့နိုင်ငံရေး နှင့် စီးပွားရေး အသိုင်းအဝန်း၌ လူသိများ ထင်ရှားပြီး ဩဇာရှိ ပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသည်။

၁၉၆၂ ခုနှစ်တွင် အာဏာရှင် နေဝင်း၏ ဖြုတ်ချအာဏာသိမ်းခံလိုက်ရသော ဝန်ကြီးချုပ်ဟောင်း ဦးနုကို ထောက်ခံသူ ဖြစ်သည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ဗိုလ်လက်ျာသည် တောခိုခဲ့ပြီး ဦးနု၏ ပြည်ပြေးအစိုးရနှင့် ပူးပေါင်းခဲ့သည်။ ပြည်ချစ်လွတ်မြောက်ရေး တပ်မတော်၏ တပ်မှူးတစ်ဦး ဖြစ်ခဲ့သည်။ ထိုင်းနယ်စပ်တွင် အခြေစိုက်သည့် ယင်းတပ်သည်ကေအင်ယူ နှင့် ပဋိပက္ခများ ကြားတွင်သာ တဝဲလည်လည် ဖြစ်နေခဲ့သည်။

၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်တွင် ထိုင်းမြန်မာနယ်စပ်အနီး ပရာကျွတ်စခန်းတွင် ကေအန်ယူ ရွှေဆိုင်းတပ်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ကျဆုံးခဲ့သည်။