ဆရာဇော်ဂျီ (ဧပြီလ ၁၂၊ ၁၉၀၇- စက်တင်ဘာ၂၆ ၁၉၉ဝ)

Listing Description

ဆရာဇော်ဂျီသည် မြန်မာနိုင်ငံစာပေသမိုင်းတွင် ချန်လှပ်၍ မရစကောင်းသော အမျိုးသားစာဆိုကြီး ဖြစ်ပါသည်။ မြန်မာစာပေ၏ ထင်ရှားသော စာပေလှုပ်ရှားမှုတစ်ရပ်ဖြစ်သည့် ခေတ်စမ်းစာပေ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ဆရာဇော်ဂျီသည် ကဗျာ၊ ဝတ္ထု၊ ပြဇာတ်၊ ရသစာတမ်း၊ ယဉ်ကျေးမှု၊ အနုပညာနှင့် စာပေဆိုင်ရာဆောင်းပါးများ၊ဘာသာပြန် စသောစာပေများကို ရေးသားခဲ့သည်။ ဆရာဇော်ဂျီကို ဧရာဝတီတိုင်း၊ ဖျာပုံမြို့၌ အဖဦးယော၊ အမိဒေါ်စိန်ညွန့်တို့မှ ၁၉၀၇-ခုနှစ်၊ ဧပြီလ ၁၂ရက်၊ သောကြာနေ့တွင် ဖွားမြင်သည်။ မွေးချင်းကိုးယောက်အနက် အကြီးဆုံးဖြစ်ပြီး အမည်ရင်းမှာ ဦးသိန်းဟန် ဖြစ်သည်။

ဆရာဇော်ဂျီသည် ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ဖျာပုံမြို့ရှိ အင်္ဂလိပ်မြန်မာ အစိုးရအထက်တန်းကျောင်းတွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။ သတ္တမတန်းအရောက်တွင် ၁၉၂ဝ ပြည့် ပထမကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ အမျိုးသားကျောင်းများ မြန်မာပြည် အနှံ့ပေါ်ပေါက် လာသောအခါ ဆရာဇော်ဂျီသည် ဖျာပုံမြို့၊ အမျိုးသားကျောင်းသို့ ပြောင်းရွှေ့ ပညာဆည်းပူးခဲ့သည်။ ထိုမှတဖန် ရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်းသို့ ပြောင်း၍ ၁၁ ဆင့် အောင်သည်အထိ ပညာဆည်းပူးခဲ့သည်။ ၁၉၂၉-၃ဝ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ဆရာဇော်ဂျီသည် မိမိ ပညာဆည်းပူးခဲ့ရာ ရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအဖြစ် ၁၉၃၁ ခုနှစ်မှ ၁၉၃၄ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် မြို့မကျောင်းမှထွက်၍ မဟာဝိဇ္ဇာတန်းတွင် အင်္ဂလိပ်စာပေနှင့် မြန်မာစာပေ နှစ်ဘာသာ (Double Literature) ယူကာ ၁၉၃၆ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ၁၉၃၈ ခုနှစ် အထိ မန္တလေး ဥပစာကောလိပ်တွင် မြန်မာစာနည်းပြ အဖြစ် ဆောင်ရွက်သည်။ ၁၉၃၆-၄ဝ ပြည်နှစ် များတွင် အင်္ဂလန်နိုင်ငံ ဒဗ်ဗလင် တက္ကသိုလ်များတွင် စာကြည့်တိုက်ပညာ သင်ကြား၍ ဒီပလိုမာဘွဲ့ ရရှိသည်။ ၁၉၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင်သည်။ ၁၉၄၁-ခုနှစ်တွင် ရန်ကုန် မြို့မကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်စောရင် (ဘီအေ- ဘီအီးဒီ) ကြီး⁠ကြီးစော(စာရေးဆရာမ)နှင့် လက်ထပ်ခဲ့သည်။

၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာ အစိုးရ၏ ပညာရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးဝန် (စာပေနှင့် စာကြည့်တိုက် ဌာန) တာဝန် ထမ်းဆောင်ပြီး ၁၉၄၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၇-၄၈ ခုနှစ် များ၌ တိုင်းပြု ပြည်ပြု လွှတ်တော်ရုံးနှင့် ရွေးကောက်ပွဲကော်မရှင်ရုံး အထူးအရာရှိနှင့် အခြေခံဥပဒေ အချောကိုင်ကော်မတီ အဖွဲ့ဝင် တာဝန်ထမ်းဆောင် ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသည်။

၉၅၁-၅၇ ခုနှစ် များ၌ ကျောင်းသုံးစာအုပ် ပြုစုရေး (ထုတ်လုပ်ရေး) ညွှန်ကြားရေးဝန် တာဝန်နှင့် ၁၉၅၉ ခုနှစ်၌ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခ အဖြစ်နှင့် သီရိပျံချီဘွဲ့ ရရှိသည်။ ၁၉၆၅ - ၇၅ ခုနှစ် များတွင်ပညာရပ် ဝေါဟာရ ကော်မတီဥက္ကဋ္ဌနှင့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၆၇ ခုနှစ်၌ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူးအဖြစ်မှ အငြိမ်းစား ယူပြီး ပညာရေး အထူး အရာရှိ (၁)၊ မြန်မာနိုင်ငံ သုတေသနအသင်း ဥက္ကဋ္ဌ တာဝန် များကို ထမ်းရွက်ခဲ့ပြီး၊ ၁၉၇၆ ခုနှစ်တွင် နိုင်ငံသမိုင်း သုတေသန ဦးစီးဌာန အကြံပေးပုဂ္ဂိုလ် အဖြစ်ပါ တာဝန်ယူခဲ့သည်။

ဆရာ ဇော်ဂျီသည် သခင်ကိုယ်တော်မှိုင်းဋီကာ စာအုပ်ဖြင့် ၁၉၅၅ ခုနှစ် အတွက် စာပေဗိမာန် စာပဒေသာ ဆု၊ နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ဝတ္ထုတိုများ စာအုပ်ဖြင့် ၁၉၇၉ ခုနှစ် အတွက် အမျိုးသား စာပေဆု (ဘာသာပြန် စာပေ)၊ ရှေးခေတ်ပုဂံ ကဗျာများနှင့် အခြားကဗျာများ စာအုပ်ဖြင့် ၁၉၈၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (ကဗျာဆု) တို့ကို ရရှိ ခဲ့သည်။

ဆရာဇော်ဂျီသည် အသက် (၈၃) နှစ် အရွယ် ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆရာ နေထိုင်ရာ ရန်ကုန်မြို့ ဗဟန်း မြို့နယ် ကမ္ဘောဇလမ်း အမှတ် (၁ဝ-က) နေအိမ်တွင် ကွယ်လွန်ခဲ့သည်။