ကလျာ(ဝိဇ္ဇာ/သိပ္ပံ) (၁၉၃၈-၂၀၁၉)

Listing Description

မြန်မာ အမျိုးသမီး စာရေးဆရာမတစ်ဦး ဖြစ်သည်။ ၁၉၃၈ ခုနှစ် မေလ၊ (၁၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၌ အဖ ဦးမောင်ထင်၊ အမိဒေါ်ရွှေ၊ တို့ကမွေးဖွားသည်။ အမည်အရင်းမှာ ဒေါ်ခင်ခင်ဝင်းဖြစ်သည်။

မူလတန်းမှစ၍ ဖျာပုံမြိုအစိုးရ အထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်၌ ပညာဆက်လက်သင်ကြားခဲ့သည်။ ဒုတိယနှစ် ရောက်သောအခါ ကာတွန်းစိန်ကြီးနှင့်လက်ထပ်ခဲ့သည်။

ငယ်စဉ်ကပင် စာပေဝါသနာပါသူဖြစ်၍ ခင်ပွန်းဖြစ်သူကာတွန်းစိန်ကြီး ထုတ်ဝေလျက်ရှိသော ရွှေရုပ်လွှာ စာစောင်နှင့် မိုးသောက်မဂ္ဂဇင်းတို့တွင် အခန်းဆက် ဝတ္ထုရှည်များစတင်ရေးခဲ့သည်။ ၁၉၆၉- ခုနှစ် မေလထုတ် မိုးသောက်မဂ္ဂဇင်းပါ စေတနာမှန်သော်လည်း ဝတ္ထုတိုဖြင့် စာပေလောကထဲသို့ စတင်ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၀- ခုနှစ်၊ ဇူလိုင်လ တွင် ရမက်ကြမ္မာသံသရာ လုံးချင်းဝတ္ထု စတင်ရေးသားထုတ်ဝေခဲ့သည်။ ကလောင်အမည် ကလျာ(ဝိဇ္ဇာ၊သိပ္ပံ)ကို ခင်ပွန်းဖြစ်သူကပင် ရွေးချယ်ပေးခဲ့သည်။ ထို့နောက်တွင် ထုတ်ဝေသူများနှင့် လုံးချင်းဝတ္ထုများရေးသားထုတ်ဝေခဲ့ရာ အောင်မြင်မှု့များရခဲ့သည်။ ကလျာ(ဝိဇ္ဇာ၊သိပ္ပံ) ၏စာအုပ်ကို ကဉ္စန စာပေမှ အများဆုံးထုတ်ဝေခဲ့သည်။ ၁၉၆၅ ခုနှစ်မှ ၂၀၀၂ခုနှစ်ထိ (၃၃) နှစ်တာ ကာလအတွင်းလုံးချင်းဝတ္ထုအုပ်ရေပေါင်း (၁၀၀)ဝတ္ထုရှည် (၂၀)ခန့် နှင့်ဝတ္ထုတို(၈၀)ကျော် ရေးသားခဲ့သည်။

၁၉၈၅ ခုနှစ် ဇန်နဝါရီလမှစ၍ ကလျာမဂ္ဂဇင်းကို တည်ထောင်ထုတ်ဝေခဲ့သည်။ ကလျာ(ဝိဇ္ဇာ၊သိပ္ပံ)၏ ဝတ္ထုများကို ဒုတိယအကြိမ် ပြန်ရိုက်ခဲ့သည်။ ခရောင်းတောမှ ခရုအိမ်၊ မချမ်းသော မချမ်းဘော၊ ကျန်စာသင့် ဝိဉာဉ်၊ စိုင်းတို့မောသို့အလွမ်းပြေ၊ ကံ့ကော်မြေမှာစေတဲ့မိုး ၊ ခေမရန်အကျဉ်းစုံ၊ မြောက်ဦးမြို့မှသည်တာချီလိတ်ဆီသို့ (ပ+ဒု)၊ ကိန္နရီအချစ် ကိန္နရာမေတ္တာ(ပ+ဒု)၊ စိတ္တဇ ကန္တာရခရီးသည် (ပ+ဒု)၊ သုဝဏ္ဏဘူမိသူ သီရိပစ္စယာသား(ပ+ဒု)၊ တောင်သမာန်သစ္စာ၊ ငပလီနှင့် လန်ကာဝီ၊ ပင်လယ်ခြားတဲ့ချစ်သူ ဆီမှ (ပ+ဒု)၊ စန္ဒကူးစံအိမ် စသောဝတ္ထုတိုများထင်ရှားခဲ့သည်။

စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ)သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့၌ ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။