မာန်မြင့် (၁၉၄၉ - ၂၀၁၀)

Listing Description

စာရေးဆရာ မာန်မြင့် (၁၉၄၉-၂၀၁၀)ကို တောခေါင်းကြီး ဦးလာဘ၊ ဒေါ်သန်းမေတို့က ၁၉၄၉ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ကန့်ဘလူမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးခင်မောင်မြင့်ဖြစ်သည်။ ရွှေဘိုမြို့ ဒေါ်ညီမမူလတန်းကျောင်း၊ ထန်းတပင်ဇီးကုန်း အစိုးရအထက်တန်းကျောင်းတို့တွင် အခြေခံပညာကို ဆည်းပူးအောင်မြင့်ခဲ့သည်။ ထို့နောက် မန္တလေးစက်မှုသိပ္ပံ၌ ဆက်လက်ပညာသင်ယူရာ ၁၉၇၀ ပြည့်နှစ်တွင် အေဂျီတီအိုင် (မြို့ပြ) ဒီပလိုမာဘွဲ့ရသည်။ ဆောက်လုပ်ရေးကော်ပိုရေးရှင်း၌ အင်ဂျင်နီယာအဖြစ် မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့တို့၌ အမှုထမ်းခဲ့သည်။ မြို့နယ်အင်ဂျင်နီယာအဖြစ် ချီဖွေမြို့နှင့် ဖားကန့်မြို့များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မာန်မြင့်သည် စာပေဝါသနာအရ ကျောင်းတက်ရင်း အလုပ်လုပ်ကိုင်ရင်းမှ အထက်တန်းကျောင်းနှင့် မန္တလေးစက်မှုသိပ္ပံ နံရံကပ်စာစောင် စာတည်း၊ စက်မှု သိပ္ပံစာကြည့်အသင်းစာကြည့်တိုက်မှူး (၁၉၆၉-၁၉၇၀)၊ မြစ်ကြီးနားမြို့ ဆောက်လုပ်ရေးကော်ပိုရေးရှင်း လုပ်သားစာကြည့်တိုက်မှူး (၁၉၇၃) တာဝန်တို့ကို တာဝန်ယူခဲ့သည်။ ထို့ပြင် ကချင်ပြည်နယ်မဂ္ဂဇင်းနှင့် မြစ်ကြီးနားမြို့နယ်မဂ္ဂဇင်းများတို့ကို ဦးစီးထုတ်ဝေခဲ့သည်။ မြစ်ကြီးနားမြို့ ဥတ္တရလမင်း ခံစားသူကြိုက် မဂ္ဂဇင်းဝတ္ထုတိုများထုတ်ဝေရေး၌ ၁၉၉၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၇၀ ပြည့်နှစ် ဇူလိုင်လထုတ် ရှုဒေါင့်ဂျာနယ်၌ ဝမ်းနည်းသောအထိမ်းအမှတ်ပြဇာတ် ကို မာန်မြင့်(ကန့်ဘလူ) အမည်ဖြင့် ရေးသား၍ စာပေလောကကို စတင်ဝင်ရောက်ခဲ့သည်။ ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလထုတ် မိုးဝေမဂ္ဂဇင်းတွင် ပါဝင်သည့် စာတည်းကလေး သည် ပထမဆုံးဖော်ပြခံရသည့် ဝတ္ထုတိုဖြစ်သည်။

မိုးဝေ၊ ရှုဒေါင့်၊ မြဝတီ၊ ရှုမဝစသည့် ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ရေးသားခဲ့သည်။ ဝတ္ထုတို ပုဒ်ရေ ၅၀ခန့်မှ ၁၆ ပုဒ်ကို ရွေးထုတ်၍ ဗမာပြည်မှာ လုပ်သည်နှင့် အခြားဝတ္ထုတိုများ စာအုပ်ကို ၁၉၇၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ကို ၁၉၉၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံထုတ် အနုဝါဒစာစောင်၌ ဟင်ဒီ ဘာသာဖြင့် ပြန်ဆိုဖော်ပြခံခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် မြန်မာပြည်မှာလုပ်သည်နှင့်အခြားဝတ္ထုတိုများ စာအုပ်ကို ဒုတိယအကြိမ်အဖြစ် ပြင်ဆင်ဖြည့်စွက် ကောက်နုတ်ထုတ်ဝေခဲ့သည်။

မာန်မြင့်၏ ဆေးလိပ်သမလေးဝတ္ထုတိုကို တက္ကသိုလ်ကျောင်းသုံးမြန်မာစကားပြေစာအုပ်တွင် ထည့်သွင်းဖော်ပြခံရသည်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလထုတ် နွယ်နီမဂ္ဂဇင်းတွင် ဖော်ပြခံရသည့် ဘကြီးအတွက်အုတ်ဂူ ဝတ္ထုတိုကို ဥတ္တရလမင်း ခံစားသူအကြိုက် ၁၀ နှစ်တာ လက်ရွေးစင်ဝတ္ထုတိုများ (၂၀၀၇) တွင် ထပ်မံ ဖော်ပြခံရသည်။

မာန်မြင့်သည် ၂၀၁၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့တွင် စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်ဆေးရုံ၌ ကွယ်လွန်သည်။