မေမြင့်မိုရ်

Listing Description

၁၉၉၅ ခု၊ မေလ ၁၁ ရက်တွင် ဦးအောင်ကိုနှင့် ဒေါ်မဉ္ဇူထွဋ်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မေမြင့်မိုရ်အောင် ဖြစ်သည်။ မောင်ဖြစ်သူ ရှင်းမြတ် သည်လည်း သရုပ်ဆောင်တစ်ဦးဖြစ်သည်။ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ဒဂုံ) မှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်၌ တက်ရောက်ခဲ့ပြီး ၂၀၁၆ ခုတွင် ဥပဒေပညာဘွဲ့ ရသည်။

၂၀၁၂ ခုနှစ်မှစ၍ ဓာတ်ပုံမော်ဒယ်အဖြစ် မဂ္ဂဇင်းမျက်နှာဖုံးများ၊ ကြော်ငြာများနှင့် တေးသရုပ်ဖော်များတွင် ပါဝင်ခဲ့သည်။ ထိုနှစ် အကယ်ဒမီဆုပေးပွဲ၌ ဗန်းကိုင်အဖြစ် ပါဝင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ဖော်အဲဗားလုပ်ငန်းစုမှ သရုပ်ဆောင်သစ်ရွေးပွဲပြုလုပ်ရာ ဝင်ရောက်ယှဉ်ပြိုင်ပြီး "အချစ်သင်္ကေတ" ရုပ်သံဇာတ်လမ်း အတွဲ ၃ ၌ ပါဝင်ခွင့်ရသည်။ ထိုနှစ်တွင် ထွက်ရှိသော "ပန်းနုသွေး" ရုပ်သံဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် "မှော်ကျောက်စာ" ၊ ၂၀၁၅ ခုတွင် "မိုးပန်းပွင့်၏သင်္ကေတ" ရုပ်ရှင်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။  

ပထမဆုံးကျင်းပသော ကြယ်စင်ဆုပေးပွဲ (Star Awards) တွင် "မိုးပန်းပွင့်၏သင်္ကေတ" ဇာတ်ကားဖြင့် အမျိုးသမီးထွန်းတောက်ကြယ်ဆု (Female Rising Star Award) ကို ရရှိခဲ့သည်။

၂၀၁၇ ခုနှင် "ဆုံစည်းခြင်းမိုးတိမ်များ"၊ ၂၀၁၈ ခုနှစ်တွင် “အရိပ်”၊ “ပုဂံမြို့သူ”၊ ၂၀၁၉ ခုနှစ်တွင် “ပျောက်ဆုံးနေသောအမှန်တရား”၊ ၂၀၂၀ ပြည့်နှစ်တွင် “သူရဲကောင်းတို့ဒဏ္ဍာရီ” စသည့် ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။