နန်းတဲကျောင်း (ခေါ်) ဇေယျာသိင်္ဂကျောင်း

Listing Description

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှ ၉ မိုင်ခန့်အကွာ၊ နန်းတဲကျေးရွာတွင် တည်ရှိပါသည်။ ကျောင်းကြီးကို သက္ကရာဇ် ၁၂၅၇ ခုနှစ်တွင် သူကြီး ဦးတက်တိုးနှင့် ဇနီး မယ်ခါတို့က ဆောက်လုပ်လှူဒါန်းခဲ့သည်။ ကျောင်းကြီး တည်ဆောက်ရာတွင် ကျောင်းထိုင်ဆရာတော် အရှင်ဓမ္မဿမိက ကြီးကြပ်၍ လက်သမားအကျော်အမော်တို့ဖြင့် ဆောက်လုပ်ခဲ့ရာ တည်ဆောက်ချိန် ၂ နှစ် ကြာမြင့်ခဲ့သည်ဟု သိရသည်။ မူလကျောင်းတော်ကြီးသည် တိုင်လုံးရေ ၉၀ ကျော်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ယခင်ကဲ့သို့ တိုင်လုံးရေ အပြည့်အစုံမတွေ့ရတော့ချေ။ လှေကားနှစ်စင်းပါရှိသော နှစ်ထပ်ကျောင်းဆောင်ကြီးဖြစ်ပြီး ပန်းကနုတ်များ၊ စုလစ်မွန်းချွန်များဖြင့် ရှေးမြန်မာ့မူမပျက် ထိန်းသိမ်းထားရှိသော ရှေးဟောင်းကျောင်းတော်ကြီးဖြစ်သည်။ ကျောင်းကြီးပေါ်တွင် မှန်စီရွှေချ ရှေးဟောင်းဘုရားပလ္လင်နှင့် ရှေးဟောင်းကျွန်းဘီရိုများ၊ ဘုရားခန်းအဝင်ရှိ ရှေးဟောင်းလက်ရာ ကြက်တူရွှေးတန်းများ၊ ရှေးဟောင်းတိုင်ကပ်နာရီနှင့် ပန်းချီကားများကို တွေ့မြင်လေ့လာနိုင်ပါသည်။ ထို့ပြင် ကျောင်းကြီး၏ အရှေ့တောင်ဘက် ကပ်လျက်ရှိ သက္ကရာဇ် ၁၂၈၂ ခုနှစ်ရေးထိုးထားသော ပိဋကတ်တိုက်ကြီးနှင့် ကျောင်းဝင်းအတွင်း၌လည်း ရှေးဟောင်း သစ်သားကျောင်းဆောင်ငယ်များကို လေ့လာတွေ့မြင်နိုင်ပါသည်။