မြောက်ဦးနန်းတော်ရာ

Listing Description

မြောက်ဦးမြို့၏ အလယ်တွင် တည်ရှိသည်။ ရခိုင်ဘုရင် မင်းစောမွန် (အေဒီ- ၁၄၃၀) က စတင်တည်ဆောက်ခဲ့ပြီး ဘုရင်မင်းဗာကြီး (အေဒီ-၁၅၃၀) လက်ထက်တွင် ကြီးကျယ်ခမ်းနားအောင် ကျောက်ဖြင့်အခိုင်အမာ မွမ်းမံတည်ဆောက်ခဲ့သည်။ နောက်ပိုင်း ဘုရင်များကလည်း အဆက်ဆက်ပြုပြင်ခဲ့ကြသည်။ သမိုင်းမှတ်တမ်းအရ နန်းတော်ကြီးကို ပင်မနန်းဆောင် ၉ ဆောင်၊ မြေနန်းဆောင်၊ လွှတ်တော်ရုံးများ၊ ဗဟိုရ်စည်တော်၊ နက္ခတ်ရုံးတော်၊ ပန်းခုံတော်၊ လက်နက်တိုက်တော်များ စသည့်အဆောင်များနှင့် ပေါင်းလျှင်၁၀၈ ဆောင်ရှိသည်ဟု သိရသည်။ မြောက်ဦးခေတ် ထီးနန်းကို မင်းဆက်ပေါင်း ၄၉ ဆက်၊ နှစ်ပေါင်း ၃၅၄ နှစ်ကြာ တည်ရှိခဲ့သည်။ နန်းတော်ကို တံတိုင်းသုံးဆင့်ဖြင့် ကာရံထားသည်။ နန်းတော်ကြီးကို အပေါ်ပိုင်း သစ်သားဖြင့်လည်းကောင်း၊ ခေါင်မိုးကို ရွှေပြား၊ ကြေးပြား၊ အုတ်ကြွပ်ပြားများဖြင့်လည်းကောင်း၊ ကြမ်းခင်းကို ရောင်စုံစဉ့်သုတ်ပြားများဖြင့်လည်းကောင်း တည်ဆောက်ထားသည်ဟု မှတ်တမ်းများအရ သိရသည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၁၉၉၆- ၁၉၉၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တို့တွင် နန်းတော်ရာကုန်းကို တူးဖော်သုတေသနပြုခဲ့ရာ အရှေ့ဘက်ခြမ်းနန်းခုံ၏ ဖောင်းလုံး၊ မိုးလျှောများဖြင့် ပြုလုပ်ထားသော ကျောက်တံတိုင်း၊ ကျောက်လှေကား၊ တိုင်ကျင်းရာများ၊ ကျောက်စီကျောက်ရိုးများ၊ အုတ်ရိုးတန်းများ၊ အုတ်ကြွပ်အမိုးပြားများ၊ စဉ့်သုတ်ကြမ်းခင်းပြားများ၊ အိုးခြမ်းကွဲများ၊ မြေဆေးတံအိုး၊ ရေတံကောင်းအိုးအပိုင်းအစများ၊ ကြေးပြားများ၊ မီးသွေးစများ၊ ခရုခွံကြီးများ၊ သေနတ်ကျည်ဆံများ၊ အမြောက်ဆံများ စသည်ဖြင့် ရောထွေးစွာ တွေ့ရှိရသည်။