ပုခန်းကြီးမြို့ဟောင်းနှင့် ရွှေဥမင်ကျောင်းဆရာတော်

18-Jan-2023

မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

အေးမြသော ဆောင်းရာသီနှံနက်ခင်းတွင် ဆိုင်ကယ်မောင်းလျက် မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသသို့ ပြည်မြို့မှ စတင်ထွက်ခွာလာခဲ့သည်။ စာရေးသူ ဦးတည်မောင်းနှင်နေသောမြို့သည် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ပုခန်းကြီးမြို့ဟောင်းသို့သာ ဖြစ်ပေသည်။ ပြည်မြို့မှ ပုဂံသို့ နံနက်ခင်းတွင် ထွက်ခွာခဲ့၍ ညနေပိုင်းတွင်မှ ပုဂံမြို့သို့ ရောက်ရှိခဲ့ပြီး ပုဂံမြို့တွင်ပင် ညအိပ်ရပ်နားခဲ့သည်။ ထို့နောက် နောက်တစ်နေ့ နံနက် ၄ နာရီခန့်တွင် စောစောအိပ်ရာမှထ၍ ပခုက္ကူဘက်ကမ်းသို့ ကူးမည့် လက်ပံခြေပေါ် ဇက်သင်္ဘောဆိပ်သို့ အမီထသွားရသည်။ ပုခန်းကြီးမြို့ဟောင်းသည် ယခင်က ဆိုလျှင် ပုဂံမြို့ဟောင်းမှတစ်ဆင့် လက်ပံခြေပေါ်ဇက်ဆိပ် ထိုမှတစ်ဆင့် ပခုက္ကူမြို့သို့ ဇက်သင်္ဘောဖြင့် ရာဝတီမြစ်ကိုကူးပြီး သွားရောက်ခဲ့ရသည်။ ဇက်မမီခဲ့ပါက ပခုက္ကူမြို့သို့ကူးရန် အခက်တွေ့ရမည်။ ယခုအခါတွင်တော့ ဇက်ကူးရန်မလိုတော့ဘဲ ပခုက္ကူတံတား တည်ဆောက်ထားသဖြင့် သွားရလာရ လွယ်ကူလျင်မြန်လျက်ရှိပေသည်။

ပုခန်းကြီးမြို့ဟောင်းသည် ပခုက္ကူမြို့မှ မိုင် ၂၀ (၃၂ကီလိုမီတာ)၊ မုံရွာမြို့မှ ၄၈ မိုင် (၇၇ ကီလိုမီတာ) နှင့် မန္တလေးမြို့မှ ၁၀၈ မိုင် (၁၇၃ ကီလိုမီတာ) အကွာ မော်တော်ကားလမ်းပေါ်တွင်ရှိသည်။ ချင်းတွင်းမြစ်၏ လက်ဝဲဘက်ကမ်းပေါ်ရှိ ရေစကြိုမြို့နှင့် ၁၀ မိုင်( ၁၆ ကီလိုမီတာ) ကွာဝေးပေသည်။ စာရေးသူ လက်ပံခြေပေါ် ဇက်သင်္ဘောဆိပ်သို့ ရောက်လျှင်ပင် ဇက်သင်္ဘော မီရုံလေးသာရှိသည်။ ဇက်သင်္ဘောပေါ်သို့ ဆိုင်ကယ်အား အပြေးတင်ရသည်။ ဇက်သင်္ဘောဖြင့် ပခုက္ကူမြို့သို့ ဧရာဝတီမြစ်ကိုဖြတ်၍ နာရီဝက်ခန့် စီးပြီးနောက် ပခုက္ကူမြို့ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ ထိုနေ့က ရေစုန်ရက်ဖြစ်၍ ဇက်သင်္ဘောမြန်နေ ခြင်းဖြစ်ပေသည်။ ရေဆန်ရက်ဖြစ်ပါက တစ်နာရီခန့် ကြာမြင့်ပေသည်။ ပခုက္ကူမြို့ ဆိပ်ကမ်းမှတစ်ဆင့် ပုခန်းကြီးမြို့ဟောင်းသို့ တစ်နာရီခွဲခန့် ဆိုင်ကယ် မောင်းနှင်ခဲ့ရပြီး ပုခန်းကြီးမြို့ဟောင်းသို့ ရောက်ရှိခဲ့သည်။ ထိုနေ့တွင်ပင် ခေတ္တမျှအနားယူပြီး ပုခန်းကြီးမြို့ဟောင်းနှင့်ပတ်ဝန်းကျင်ကို လေ့လာခဲ့ပါသည်။

ပုခန်းကြီးမြို့ဟောင်းသည် မြောက်ဘက်တွင် ဗန့်ကျီနယ်နှင့် ပုခန်းနယ်ခြားသော ယမားချောင်းအထိ၊ တောင်ဘက်တွင် မြစ်ကိုင်းရွာ၊ ဆုံကုန်းရွာနှင့် သီဟိုဠ်ရှင်ဘုရားအထိ၊ အရှေ့ဘက်တွင် ဧရာဝတီမြစ်အထိ၊ အနောက်ဘက်တွင် ယောအဝင် ကျောက်ပုံအထိဖြစ်သည်။ ဤဒေသအတွင်းတွင် ရွာပေါင်း ၂၉၉ ရွာရှိသည်ဟု ဆိုကြပေသည်။ ကျောက်စရစ်ကုန်း၊ ခင်တန်းနှင့် မြေနီလမ်းတို့ရှိပြီး အညာကျေးလက်၏ ရွာကြီးတစ်ခုသဖွယ်ဖြစ်ပေသည်။ ထန်းပင်၊ ရှားပင်၊ ထနောင်းပင်၊ ဒဟတ်ပင်၊ ရှားစောင်းပင်၊ တမာပင်၊ ပိတောက်ပင်၊ သရက်ပင်၊ သရဖီပင်နှင့် ဂုံနွယ်ပင်စသည်တို့ ပေါက်ရောက် ရှင်သန်နေကြပေသည်။

အဘယ်ကြောင့် ပုခန်းဟု ခေါ်ပါသနည်း။ မြို့တော်၏အမည်များအကြောင်းကို လက်လှမ်းမီသလောက် လေ့လာသိရှိရသည်။ သာသနာ သက္ကရာဇ် ၃၆ ခုနှစ်တွင် ရာဇဂြိုဟ်ပြည်မှ ဓနုသဟမင်းသည် ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းနှင့် ရှင်မတောင် တောင်မကြီးအကြားရှိ တောင်သုံးလုံးကို တူးဖော်ညှိနှိုင်း၍ မြို့တည်ခဲ့သည်ဟု ဆိုသည်။ ပါဠိဘာသာအားဖြင့် “ကုခန္ဓ” သည် တူးခြင်း၊ ညှိခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် မြို့၏အမည်ကို “ကုခန်း” ဟု ခေါ်တွင်သည်။

၁၁၇၄ ခုနှစ်တွင် နန်းတက်သော ပုဂံနရပတိစည်သူမင်းသည် ပုခန်းမြို့မှ ပုန်ကန်ခြားနားသော သူပုန်များကို စစ်သည်များစွာဖြင့် နှိမ်နင်းခဲ့ရသဖြင့် နောင်ကာလတွင် ဤမြို့၌ သူပုန်များ “ပစေ၊ ခန်းစေ” ဟု ရည်ရွယ်ပြီး “ပခန်း” ဟု မှည့်ခေါ်ခဲ့ပေသည်။ ၁၃၀၅ ခုနှစ်တွင် ပင်းယဘုရင်တစ်စီးရှင် သီဟသူသည် လက်မည်းအမတ်ကို မြို့တည်စေခဲ့သည်။ ချင်းတွင်းမြစ်၏အနီးတွင် “ကူးသန်းငယ်” ရွာရှိသည်ကို အကြောင်းပြု၍ မြို့ကို “ကူးသန်းကြီး” ဟုခေါ် တွင်စေသည်။ ထို့အပြင် ပုဂံ အလောင်းစည်သူမင်း၏ သရက္ခန်ဘုရားဆင်းတုနှင့်အတူ ဌာပနာထားသော ဓာတ်တော်နှစ်ဆူသည် ရွှေသမင်အယောင်ဆောင်ပြီး “ကူးသန်း” ပြေးသည်ကို မြင်တွေ့ခဲ့ရာအရပ်တွင် မြို့တည်ခဲ့သောကြောင့် “ကူးသန်းကြီး” ဟုခေါ်သည်။ ၁၇၁၃ ခုနှစ်တွင် အင်းဝဘုရင် မဟာဓမ္မရာဇာ ဓိပတိသည် မွန်တို့၏ ကျူးကျော်မှုကို ခုံခံကာကွယ်ရန် နိမ့်သောအုတ်မြို့ရိုးများကို ထပ်မံစီမံခဲ့သည်။ မြို့ရိုးကို နိမ့်ချည်မြင့်ချည် စနစ်တကျ ပြုပြင်ခဲ့သဖြင့် ပါဠိဘာသာအားဖြင့် “ပခန္ဓ” ဟုခေါ်တွင်ရာမှ “ပခန်း”ဖြစ်လာခဲ့သည်။ ထို့ကြောင့် ယခုအခါမြို့၏အမည်ကို “ပုခန်း”ဟု ရေးသားက “ပခန်း” ဖြစ်လာခဲ့သည်။

ပုခန်းကြီးမြို့ဟောင်းသို့ ဆိုင်ကယ်ဖြင့် လည်ပတ်လေ့လာရာတွင် မြို့တော်ဟောင်း၏ အကြွင်းအကျန်များကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပေသည်။ မြို့ကို ထူထဲခိုင်ခံ့သော အုတ်မြို့ရိုးများဖြင့် ပတ်လည်ကာရံထားပြီး မြို့ဝင်ပေါက်ရှိ အုတ်မြို့ရိုးများသည် ထုထည်ကြီးမားသည်။ မြို့ရိုးများသည် အမြင့်မားဆုံးဖြစ်ပြီး စတုရန်းပုံပန္နက်ရှိသည်။ ထူးခြားမှုအနေဖြင့် ခံတပ်မြို့ ဖြစ်သည်နှင့်အညီ မြေပြင်အနေအထားကိုလိုက်၍ မြို့ရိုးလေးမျက်နှာကို ဖွဲ့စည်းပုံ လေးမျိုးဖြင့် အုတ်စီအုတ်နင်း ပြုထားပေသည်။ အလျားလိုက်အတန်းများနှင့် ဒေါင်လိုက်အတန်းများကို တစ်လှည့်စီ အကွက်ဖော်ထားသည်။ အနိမ့်အမြင့်ပြုထားသည့်ပုံ၊ အတိုးအဆုတ် ပြုလုပ်ထားသည့်ပုံတို့ကို အသီးသီးတွေ့မြင်နိုင်သည်။ ထို့ကြောင့် “မြောက်ဘက်မြို့ရိုး မက်ယက်ခိုး(မယားခိုး)၊ တောင်ဘက်မြို့ရိုး လှိုင်းတံပိုး၊ အရှေ့ဘက်မြို့ရိုး လင်းမြွေရိုး၊ အနောက်ဘက်မြို့ရိုး ခိုနန်းချိုး” ဟု ဆိုရိုးစကားရှိသည်။ ရေကျုံးပတ်လည် ဝိုင်းရံခဲ့သည့်ပုံစံ ရှိပေသည်။ မြို့ရိုးနှင့် ကျုံးတို့သည် ယခုတိုင် အထင်အရှား တွေ့နိုင်ပါသေးသည်။

ထို့နောက် စာရေးသူသည် နေ့လယ်ပိုင်းတွင် ခေတ္တမျှနားနေပြီး ညနေ ၃ နာရီခွဲတွင် ရွှေဥမင် ကျောင်းတော်ဟောင်းကြီး ရှိရာသို့ ထွက်ခွာလာခဲ့သည်။ ရွှေဥမင် ကျောင်းတော်ဟောင်းကြီးသည် ပုခန်းကြီးမြို့ဟောင်းနှင့် ရေစကြိုမြို့ဟောင်းသွား ကားလမ်း၏ ဘယ်ဘက် သက်ရွာ၏ အနောက်ဘက်တွင် တည်ရှိပေသည်။ ရွှေဥမင်ကျောင်းတော်ဟောင်းကြီးအား သွားရောက်လေ့လာရသည်က ပုခန်းသာသနာဝင်ကြောင့် ဟုဆိုလျှင် မှားမည်မထင်ပေ။ ထိုကျောင်းတိုက်တွင် သာသနာ့အာဇာနည် အကျော်အမော် ဆရာတော်တစ်ပါး ပေါ်ထွန်းခဲ့သည်။ ဤနေရာတွင် ရွှေဥမင်ကျောင်းတော်ဟောင်းကြီး၏ ရာဇဝင်ကို ရေးသားဖော်ပြ လိုပေသည်။

ပုဂံခေတ်တွင် ဗုဒ္ဓဘာသာသည် တိုးတက်ခဲ့ပြီး ပုဂံခေတ်ကုန်ဆုံးချိန်တွင် နောက်ပိုင်းကာလဖြစ်သော ပင်းယခေတ်၊ စစ်ကိုင်းခေတ်တို့တွင် ဘုရင်များ အုပ်စိုးခဲ့ကြသော်လည်း ပထမအင်းဝခေတ်အထိ သာသနာ မှေးမှိန်ခဲ့ရသည်။ အထူးသဖြင့် အေဒီ ၁၅၂၆ - ၄၄ ခုနှစ်တွင် အင်းဝ၌ နန်းစံခဲ့သော သိုဟန်ဘွား လက်ထက်တွင် ဗုဒ္ဓဘာသာကို အတော်ပင်တိုက်ခိုက် ဖျက်ဆီးခံခဲ့ရပေသည်။ အေဒီ ၁၅၅၄ ခုနှစ်တွင် ပထမအင်းဝ ပျက်စီးသွားခဲ့ရပြီးနောက်ပိုင်း တပင်ရွှေထီးနှင့် ဘုရင့်နောင်မင်းတရားကြီးတို့သည် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တောင်ငူ နှင့်ပဲခူးကို အခြေပြုပြီး တည်ဆောက်ခဲ့ရသည်။ အေဒီ ၁၅၈၂ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးသည် ဒုတိယအင်းဝခေတ်ကို တည်ထောင်ခဲ့သည်။ ထိုခေတ်ကို ညောင်ရမ်းခေတ်ဟု ခေါ်ဆိုကြသည်။ ထိုညောင်ရမ်းခေတ်တွင် ဗုဒ္ဓဘာသာ၊ သာသနာတော်သည် ပုခန်းကိုအခြေပြုပြီး ပြန်လည်ထွန်းကားခဲ့ရသည်။

ပုခန်းသာသနာဝင်၏ ကျေးဇူးကြောင့်သာ ဗုဒ္ဓဘာသာသည် မြန်မာပြည်မှ ကွယ်ပျောက် သွားခဲ့ရခြင်းပင် ဖြစ်သည်။ ပုခန်းသာသနာဝင် ဆိုသည်မှာလည်း ဤရွှေဥမင် ကျောင်းတော်ကြီးသည် ပင်မဗဟိုပင် ဖြစ်ပေသည်။ ရွှေဥမင် ဆရာတော်ကြီးသည် ပုဂံခေတ်နောက်ပိုင်း၌ ပရိယတ္တိသာသနာနှင့် ပဋိပတ္တိ သာသနာ နှစ်ရပ်စလုံးကို ပြန့်ပွားတည်တံ့ ထွန်းကားအောင် ဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ အေဒီ ၁၆၃၈ ခုနှစ်ကာလ၌ ရွှေဥမင် ဆရာတော်ကြီးများအနက် အရှင်ဇမ္ဗူဒီပဓဇသည် အထူးထင်ပေါ်ကျော်ကြားခဲ့ပါသည်။

ဆရာတော်သည် ငယ်စဉ်ကိုရင်ဘဝကတည်းမှစပြီး ပညာဉာဏ်ထက်မြတ်ခဲ့သည်။ နှောင်းပိုင်းကာလ၌ ကိုရင်ရှင်ဇမ္ဗူဒီပဓဇသည် ရွှေဥမင်ဆရာတော်ဆို၍ ထင်ပေါ်ကျော်ကြားလာပါတော့သည်။ သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် သာသနာပိုင် တောင်ဖီလာဆရာတော်ကြီးသည် နောက်လိုက်နောက်ပါများနှင့်တကွ မန်းစက်တော်ရာမှအပြန်တွင် ရွှေဥမင်ဆရာတော်အားဖူးလို၍ ပုခန်းသို့ရောက်ရှိခဲ့သည်။ ပုခန်းကြီး စည်သူရှင်ဘုရားရင်ပြင်ပေါ်တွင် ဘုန်းကြီးတစ်ပါး တံမြက်စည်း လှည်းနေသည်ကို တောင်ဖီလာ ဆရာတော်တွေ့မြင်ခဲ့ပြီး ဆရာတော်က ကိုရင်ကြီးဟုထင်၍ “ကိုရင်ကြီးဘုရား ဤဒေသမှ ရွှေဥမင်ဆရာတော်ဆိုတာ ရှိပါသလားဘုရား” ဆိုပြီးမေးလိုက်သည်။ “ မှန်ပါ့ ရှိပါသည်” ဟု ကိုရင်ကြီးထင်ရ သူက ဖြေကြားခဲ့သည်။ ဆရာတော်က “ဘယ်အရပ်မှာလဲဘုရား၊ ဘယ်လိုသွား ရပါသလဲဘုရား” ဟု မေးသဖြင့် လမ်းညွှန်လိုက်သည်။ တောင်ဖီလာဆရာတော်လည်း ရွှေဥမင်ကျောင်းတိုက်သို့ကြွသွားခဲ့သည်။ တောင်ဖီလာဆရာတော်သည် ရွှေဥမင်ကျောင်းတိုက်သို့ ရောက်သောအခါ ရွှေဥမင်ဆရာတော်ကို ဖူးမြော်လိုကြောင်း လျှောက်ထားခဲ့ပါသည်။ “ မှန်ပါ့ ရွှေဥမင်ဆရာတော်ဆိုတာ ကိုယ်တော်ပါပဲ။” “စည်သူရှင်ဘုရားကုန်းတော်ပေါ်က တွေ့ခဲ့ရတာ ဆရာတော်ပင် မဟုတ်ပါလား” ဟု တောင်ဖီလာဆရာတော်က လျှောက်ထားခဲ့ရာ မှန်ကန်ကြောင်း၊ ရွှေဥမင်ဆရာတော်က ဖြေခဲ့သည်။ တောင်ဖီလာဆရာတော်လည်း တပည့်တော်မှာမသိ၍ ဤကဲ့သို့ပြုမူဆက်ဆံခဲ့သည်ကို ခွင့်လွှတ်တော်မူပါရန် လျှောက်ထားလေသည်။ တောင်ဖီလာဆရာတော်က တစ်ဖန် ရွှေဥမင်ဆရာတော်အား မည်သည့်ကျမ်းစာပေများကို ရေးသားထားပြီးကြောင်း မေးလျှောက်ခဲ့ရာ ရွှေဥမင်ဆရာတော်ကလည်းမိမိရေးသားထားသောဝိနည်းငါးကျမ်းနိဿယကို ပြတော်မူခဲ့သည်။ တောင်ဖီလာဆရာတော်ကလည်း ဝိနည်း ငါးကျမ်းနိဿယ ရေးသားထားပြီး ယခုပင် ဆောင်ယူလာပါသည်။ သို့သော် မိမိရေးသားထားမှုသည် အနက်ကျယ်လွန်းသည်။ ရွှေဥမင်ဆရာတော်၏ ကျမ်းက ပိုကောင်း၏ ဟုဆိုပြီး မိမိပြုစုသော ဝိနည်း ငါးကျမ်းနိဿယကို စည်သူရှင်ဘုရားရှေ့တွင် မီးပူဇော်ခဲ့သည်ဟု သိရှိရပါသည်။

တောင်ဖီလာဆရာတော်က “အရှင်ဘုရား ဤတောကြီးတောင်ကြီး အတွင်းမှာ ဆရာတော်တစ်ပါးတည်း သီတင်းသုံးနေရတာ မကြောက်ဘူးလား ဘုရား” ဟု မေးလျှောက်ခဲ့သည်။ “ကျုပ်ကကြောက်လို့ တစ်ပါးတည်းနေတာပါ” ဟု ရွှေဥမင်ဆရာတော် အရှင်ဇမ္ဗူဒီပဓဇက မိန့်တော်မူခဲ့ပါသည်။ ထိုသို့မိန်ကြား မှုကို တောင်ဖီလာဆရာတော်က ပညာရှိအချင်းချင်း သိမြင်အပ်သည်ဖြစ်၍ တောင်ဖီလာဆရာတော်သည် “ရွှေဥမင်ကငါ့ကိုဆုံးမတော်မူပြီ” ဟု သိတော်မူသဖြင့် အင်းဝသို့အပြန် နေပြည်တော်အထိ ပြန်မကြွတော့ဘဲ စစ်ကိုင်းတောင်တွင် တစ်ပါးတည်း တရားဘာဝနာ အားထုတ်နေလေတော့သည်။ ထိုနေရာအား ယနေ့တိုင် တောင်ဖီလာတောင်ဟု တွေ့မြင်နိုင်ပါသည်။

အင်းဝဘုရင် သာလွန်မင်းတရားကြီးသည် ရွှေဥမင်ဆရာတော်၏ ဂုဏ်တော်တို့ကို တောင်ဖီလာ ဆရာတော်ထံမှ ကြားသိရပြီး၍ ပုခန်းကြီး ရွှေဥမင်ဆရာတော်ထံသို့ အကြိမ်ကြိမ် ကြွရောက်တော်မူခဲ့သည်။ “ဆရာတော် အလိုရှိတာကို မိန့်တော်မူပါဘုရား” ဟု အကြိမ်ကြိမ်လာရောက်တိုင်း လျှောက်ထားလေသည်။ “ဒကာတော်မင်းမြတ်သည် ဆရာတော်အလိုရှိသည်ကို လှူဒါန်းနိုင်ပါ၏လော” ဟု ဆရာတော် အရှင်ဇမ္ဗူဒီပဓဇက မိန့်တော်မူခဲ့သည်။ “သာလွန်မင်းကြီးကလည်း ဆရာတော်အလိုရှိရာကိုသာ မိန့်တော်မူပါဘုရား၊ တပည့်တော်သည် ဘာကိုမဆို ဆောင်ရွက်ပေးပါမည်ဘုရား” ဆိုပြီး  လျှောက်ထားသည်။ ။

“ဒကာတော် ဘုရင်မင်းမြတ် ဆရာတော်အလိုရှိတာကတော့ နောက်နောင်အခါမှာ ဒကာတော်သည် ဤကျောင်းသို့ ကြွလာမှုမပြုပါနဲ့ ဒကာတော်” ဟု မိန့်တော်မူခဲ့သည်။ အင်းဝဘုရင် သာလွန်မင်းကြီးမှာလည်း ပါရမီရင့် ဘုရင်တစ်ပါးဖြစ်သောကြောင့် ဤဆရာတော်သည် တစ်ပါးတည်း နေလိုသော အရှင်သူမြတ်ဖြစ်ကြောင်းသိတော်မူ၍ ထိုအချိန်မှစပြီးသာလွန်မင်းကြီးသည် ရွှေဥမင်ကျောင်းတိုက်သို့ နောက်ထပ်မလာခဲ့တော့ပေ။ ဤကဲ့သို့ အလွန်ထူးခြားလှသော ဆရာတော်ကြီး၏ နေထိုင်ရာကျောင်းတော်မှာ ယခုအခါ လူသူမရှိ အုတ်တိုက်ကြီးသာ ဖြစ်နေသော်လည်း ထိုအုတ်ဂူ၊ အုတ်ကျောင်းများသည် အတိတ်ကာလသမိုင်းကြောင်းတို့ကို လှစ်ဟ ပြသလျက် ရှိပေသည်။

ထို့နောက်စာရေးသူသည် ရွှေဥမင်ကျောင်းတော်ကြီးမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး ကျောင်းတော်ကြီး၏ လက်ယာလမ်းဘက်တွင်ရှိသော သက်ရွာသို့ ဝင်ရောက်လေ့လာမှုပြုခဲ့သည်။ သက်ရွာသည် အိုးလုပ်ငန်းတွင် အမည်နာမကြီးသည်။ သက်ရွာအိုးသည် ပေါ့သည်၊ ပါးသည်။ အိုးခွက်များပြုလုပ်ရာတွင်လည်း တစ်နေရာတည်းတွင် အိုးခွက်မျိုးစုံလုပ်ခြင်းမဟုတ်ဘဲ၊ ရွက်အိုးလုပ်တဲ့ ရွာမှာ တစ်ရွာလုံးက ရွက်အိုးပဲလုပ်သည်။ သူတို့၏ ရွာအပိုင်းလိုက် သူတို့၏ စီးပွားရေးပြိုင်ဆိုင်မှုမရှိဘဲ ပုံစံတူများ ပြုလုပ်မှုမရှိသည်က စည်းလုံးမှုတစ်ခုပင် ဖြစ်ကြောင်း လေ့လာဆန်းစစ်မိပေသည်။

စာရေးသူသည် ဆိုင်ကယ်အား မိမိတည်းခိုစတည်းချရာ ပုခန်းကြီး မြို့ဟောင်းသို့ ပြန်လည်ဦးတည် ထွက်ခွာလာခဲ့ပြီး ပုခန်းကြီးမြို့ဟောင်း၏ သာယာခဲ့ပုံ၊ ရွှေဥမင်တောရ ကျောင်းဆရာတော် အရှင်ဇမ္ဗူဒီပဓဇ၏ ဉာဏ်ပညာမြင့်မြတ်ခဲ့ပုံ၊ တစ်ပါးတည်းနေ တစ်စိတ်တည်းထားဆိုသည့် စိတ်ဉာဏ်စဉ်အဆင့်ဆင့် မြင့်တက်ခဲ့ပုံတို့ကို စိတ်ထဲတွင်တွေးဆနေမိပါတော့သည်။

 

ကိုးကား

၁။ ရှေးဟောင်းမြို့တော် ပုခန်းကြီးနယ်မြေများ - တင်ထွန်း

၂။ ပုဂံအနောက် ခရီးတစ်ခေါက် - ဒေါက်တာသက်လွင်