ပင်းယဂူကြီးသုံးလုံး

Listing Description

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပင်းယမြို့အတွင်း၊ တံတားဦး-ကျောက်ဆည်ကားလမ်း၏ အနောက်ဘက်တွင် တောင်မြောက်တန်းလျက်ရှိနေသော လှိုဏ်ခံစေတီကြီးသုံးဆူကို ဂူကြီးသုံးလုံးဟု ဒေသခံများက ခေါ်ဆိုကြပါသည်။ ထိုဂူသုံးလုံးမှာ ထုထည်ကြီးမားပြီး လက်ရာပုံစံတူများဖြစ်ကြကာ တစ်ဂူနှင့်တစ်ဂူ ပေ ၁၂၀ ခန့်သာ ကွာဝေးပြီး တစ်ဂူစီ၏အမည်နှင့် သမိုင်းကြောင်းများကို တိတိကျကျမသိရပေ။ သို့သော်လည်း ပင်းယခေတ်ကို တည်ထောင်ခဲ့သော သီဟသူမင်းသည် သက္ကရာဇ် ၆၇၄ ခုနှစ်တွင် ဂူကြီးတစ်လုံးတည်ခဲ့သည်ဟု ဆိုထားရာ ယခုတောင်ဘက်ဆုံးဂူဟု ယူဆရပါသည်။ ဂူကြီးသူံးလုံးအနီးတွင် တွေ့ရသော ကျောက်စာတစ်ချပ်၌ ဥဇနာမင်းက မြန်မာသက္ကရာဇ် ၇၀၂ ခုနှစ်တွင် ဂူတစ်လုံးတည်ခဲ့ကြောင်းကို ဖော်ပြထားပါသည်။ သို့သော် ဂူကြီးသုံးလုံးအနက် မည်သည့်ဂူဖြစ်ကြောင်းကိုမူ မသိရပေ။ မူရင်းကျောက်စာကို ဂူကြီးသုံးလုံးအနက် အလယ်ဂူ၏ အနောက်မြောက်ထောင့်တွင် လေ့လာနိုင်ပါသည်။ ဂူဘုရားသုံးဆူအနက် အလယ်ဂူဘုရားသည် အကြီးဆုံးဖြစ်၍ ဘေးနှစ်ဆူတွင် လိုဏ် ပတ်လမ်းများပါရှိကာဂူပေါ်သို့တက်ရန် လှေကားများရှိခဲ့ပါသည်။ ဂူသုံးလုံး၏ မျက်နှာလေးဖက်လုံးတွင် မုခ်ပေါက်များပါရှိပြီး အတွင်း၌ ရုပ်ပွားတော်များရှိပါသည်။ ဂူသုံးလုံးကို ပုဂံခေတ်လွန်လက်ရာများဟုဆိုနိုင်ကာ တောင်ဘက်ဂူတွင် ပန်းတော့လက်ရာများကျန်ရှိနေပြီး လက်ရာမြောက်သည့် ဘီလူးပန်းကိုက်နှင့် ဘီလူးပန်းဆွဲများကို မြင်တွေ့နိုင်ပါသည်။ တောင်ဘက်ဂူတွင်ရှိခဲ့သည့် နံရံဆေးပန်းချီများသည် မှေးမှိန် ပျောက်ကွယ်ခဲ့ပြီဖြစ်ပါသည်။ ဂူဘုရားများတွင် စဉ့်ခွက်များထား ရှိခဲ့သည့်နေရာ(စဉ့်ခွက်ရာ)များကို တွေ့ရှိနိုင်သော်လည်း စဉ့်ခွက်များကို မမြင်ကြရတော့ပါချေ။ (၁၉၉၄-၁၉၉၅) ခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပင်းယဂူကြီး ၃ လုံးကို ဖော်ထုတ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။