ဇဏ်ခီ

Listing Description

၁၉၈၁-ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ အသက် ၁၃ နှစ်အရွယ်တွင် အမေရိကန်ပြည်ထောင်စု သို့ ဖခင်ဖြစ်သူနှင့်အတူ ပြောင်းရွေ့နေထိုင်ခဲ့သည်။ အထက်တန်းကျောင်းသားဘဝမှစ၍ ဂီတပညာကိုအထူးစိတ်ဝင်စားကာ တက္ကသိုလ်၌ ဂီတပညာဘာသာရပ်ကို Major အဖြစ် ရွေးချယ်သင်ကြားခဲ့သည်။ ထို့နောက် အသံဖမ်း အင်ဂျင်နီယာဘာသာရပ်ကိုပြောင်းကာ ရုပ်ရှင်အသံ (Post-Production Sound) ဖြင့် IAR (Institute of Audio Research, NY)မှ ကျောင်းပြီးခဲ့သည်။

နယူးရော့(ခ်)မြို့၌ ရုပ်ရှင်နှင့်ပတ်သက်သောအသံပိုင်းဆိုင်ရာ အလုပ်များလုပ်ကိုင်ရင်း သရုပ်ဆောင်အဖြစ် စတင် ဝင်ရောက်လုပ်ကိုင်ဖြစ်သည်။ ၂၀၀၆ တွင် ခရစ္စတီးနားခီ နှင့် လက်ထပ်ခဲ့ပြီး သား နိုဝါလင်းထက်ခီ ကိုဖွားမြင်ခဲ့သည်။ ဇနီးဖြစ်သူ ခရစ္စတီးနားခီနှင့်အတူ ရုပ်ရှင်တိုများနှင့် Music Video များကို တွဲဖက်လုပ်ကိုင်ရင်း ဇာတ်ညွှန်းများပါ စတင်ရေးဖြစ်ခဲ့သည်။

၂၀၀၈ ခုနှစ်ကုန်မှ စ၍ မြန်မာပြည်တွင် ပြန်လည်ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီး ရုပ်ရှင်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ် အတွင်း၌ ကိုယ်တိုင်ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ကာ အသံနှင့်နောက်ခံဂီတကို ဖန်တီးတီးခတ်ထားသော "ဥပါယ်တံမျဉ်" နှင့် "မုဒြာရဲ့ခေါ်သံ" ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားကို ရုံတင်ပြသခွင့်ရရှိခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင်  "ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသခဲ့သည်။

ကိုယ်တိုင် ရေးဆို တစ်ကိုယ်တော် တေးစီးရီး ပထမအခွေဖြစ်သည့် "ပျောက်ဆုံးနေတဲ့ကမ္ဘာ" ကို ၂၀၀၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ပထမဦးဆုံးစာအုပ်အဖြစ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၌  "ကိုယ်တိုင်သိရှိသွားမှု" အက်ဆေးစာအုပ် ထုတ်ဝေခဲ့သည်။