မမထားနဲ့အပါဇာတ်ကားနဲ့ ကြည်အေး၏တမ်းတတတ်သည်ဝတ္ထု ဆက်စပ်ပုံ

Listing Description

#မမထားနဲ့အပါဇာတ်ကားနှင့်_ကြည်အေးရဲ့တမ်းတတ်သည်ဝတ္ထုတို့_မြစ်ဖျားခံရာ_
#သို့မဟုတ်_မင်းသားကြီးစောရန်ပိုင်နှင့်ဆက်နွှယ်သောဇာတ်လမ်းများ

ထိပ်တင်စောရန်နိုင်နဲ့ စောရန်ပိုင် ဆိုတဲ့ မင်းသားတွေဟာ ၁၈၇၉ မှာ ဖြစ်တဲ့ နန်းတွင်းလုပ်ကြံသတ်ဖြတ်မှုကြီးမှာ ခမည်းတော် မက္ခရာမင်းသားကြီးလို အသတ်မခံရဘဲ လွတ်မြောက်သွားခဲ့တဲ့ မင်းသားတွေ ဖြစ်ပါတယ်။ 

သီပေါမင်း နန်းတက်စမှာ မင်းတုန်းမင်း အရိုက်အရာ ဆက်ခံဖို့ ရှေ့ပြေးခဲ့တဲ့ မက္ခရာ၊ သုံးဆယ်မင်းသားကြီးတွေနဲ့ မင်းသွေးပါသူ အများအပြား သုတ်သင်ခံရပြီး ညောင်ရမ်း၊ ညောင်အုပ်မင်းသားတွေ ဗြိတိသျှနယ်ထဲ ထွက်ပြေးခဲ့ရပါတယ်။ 

မက္ခရာမင်းသားကြီးရဲ့ သားတော်နှစ်ပါးဖြစ်တဲ့ ထိပ်တင်ယုန်ကြီးခေါ် စောရန်နိုင်နဲ့ ထိပ်တင်ထွေးခေါ် စောရန်ပိုင်တို့ ညီနောင်ကတော့ အသက်ဘေးက လွတ်သွားခဲ့ပြီး မန္တလေး မိုးထိကျောင်းမှာ ကိုရင်ဝတ်နေခဲ့ပါတယ်။ 

#ချောင်းခွမင်းသားများ

၁၈၈၅ သီပေါမင်း ပါတော်မူချိန်မှာ အင်းဝနားက ချောင်းခွကို အခြေစိုက်ပြီး ဗြိတိသျှတပ်တွေကို တိုက်ခိုက်ခဲ့လို့ သူတို့ကို ချောင်းခွမင်းသားတွေ အဖြစ် ခေါ်ဆိုခဲ့ကြတာပါ။ ဒီအချိန်က ကိုရင်လူထွက်ဘဝနဲ့ နောက်လိုက်တွေကို ခေါင်းဆောင်ခဲ့ရတဲ့ မင်းသားနှစ်ပါးရဲ့ အင်အား တထောင်ကျော်တဲ့ အနီရောင် နေတပ်တော်ဟာ ၁၈၈၆ က အင်းဝစီရင်စုမှာ ကြီးစိုးနေခဲ့ပြီး ဖမ်းမိရင် ဆုတော်ငွေ ခြောက်ထောင် ပေးမယ်ဆိုပြီး ဗြိတိသျှဘက်က စာထုတ်ခဲ့ရပါတယ်။

၁၈၈၇ မှာတော့ စောရန်နိုင်ကို ဗြိတိသျှဘက်က မန္တလေး အိမ်တော်ရာဘုရားမှာ ဖမ်းမိပြီး အိန္ဒိယကို ပို့ခဲ့ပါတယ်။ စောရန်ပိုင်ကတော့ လွတ်မြောက်သွားပြီး ရှမ်းပြည်နဲ့ မြန်မာပြည် မြောက်ပိုင်း ကချင်တောင်တွေဘက်မှာ ဆက်လက်ခုခံ နေခဲ့ပါတယ်။ 

စောရန်ပိုင်ဟာ ရှမ်းနဲ့တရုတ် စကားကို ရေလည်အောင် ပြောတတ်တဲ့အတွက် စည်းရုံးရေးကောင်းပြီး သူ့တပ်မှာ ပအိုဝ်း၊ ရှမ်း၊ တအာန်း၊ ဝ၊ ဂျင်းဖော၊ ကရင်နီ၊ ကယန်း စတဲ့ လူမျိုးစုံစစ်သည် တသောင်းလောက်ရှိတဲ့ တပ်ကြီးလို ဖြစ်လာခဲ့ပါတယ်။ ဒီတပ်ကို ပြိုကွဲအောင် ဗြိတိသျှဘက်က စစ်အင်အား အလုံးအရင်းနဲ့ နှိမ်နင်းတဲ့အခါ လားရှိုးတိုက်ပွဲမှာ အသေအပျောက် အင်မတန်များပြီး စောရန်ပိုင်တို့ အရေးနိမ့်လာခဲ့ပါတယ်။ အဲဒီနောက် မိုင်းပွန်၊ မိုးမိတ်၊ သပိတ်ကျင်း၊ မိုးကောင်း စသဖြင့် ရှမ်း၊ ကချင်နယ်တွေမှာ ၁၈၉ဝ ထိ စောရန်ပိုင် ဆက်လက်ခုခံနေခဲ့ပါတယ်။

#ယူနန်မှာခိုလှုံ

ဒီလို ခုခံခဲ့ပေမယ့် နှစ်ချီလာတဲ့အခါမှာ ဗြိတိသျှဘက်က ထိန်းချုပ်မှုက ပိုများလာပြီး ခုခံရေးအင်အားစုတွေ တစတစနဲ့ အားနည်းလာပါတယ်။ ဒီအခြေ အနေမှာ အညံ့မခံလိုကြတဲ့အတွက် ဝန်းသိုစော်ဘွားနဲ့ စောရန်ပိုင်တို့ တရုတ်ပြည်ဘက်ကို ခိုဝင်ခဲ့ကြပါတယ်။ 

ယူနန်နယ် ဘုရင်ခံနဲ့ တရုတ်တပ်မှူးတွေ အစောင့်အရှောက်နဲ့ မိုင်းတီး၊ နန်တျန်းနဲ့ ထိန်ချုံးခေါ် မိုးမျဉ်းမြို့တွေမှာ နေခဲ့တဲ့ စောရန်ပိုင်ဟာ အားမလျှော့ ဘဲ မြန်မာပြည် ကို ပြန်လည်သိမ်းပိုက်ဖို့ ကြံစည်နေခဲ့ ပါတယ်။ 

တရုတ်ပြည်မှာ မန်ချူးမင်းဆက်ပျက်ပြီး သမ္မတနိုင်ငံပေါ်လာတာနဲ့ နောက်ဆက် စစ်ဘုရင်တွေ အင်အားပြိုင်ကြတာတွေကြောင့် ပြည်တွင်းစစ် ဖြစ်ပြီး နိုင်ငံပြိုကွဲနေလို့ စောရန်ပိုင် အကူအညီမရနိုင်ဘဲ သောင်တင်နေခဲ့ပါတယ်။ 

အဲဒီမှာ တရုတ် နယ်စပ်က ပန်းလောင်၊ မန်ပွန်နဲ့ မိုးလှိုင်း ရှမ်းတရုတ် စော်ဘွားတွေက ဆက်သတဲ့ သမီးကညာတွေကို စောရန်ပိုင် လက်ခံသိမ်းပိုက်ပြီး သားတော် သမီးတော်တွေ ထွန်းကားပါတယ်။ ဒီထဲက ထိပ်တင် စောနေဒွန်းနဲ့ စောနေဝန်း မင်းသား တွေဟာ မြန်မာပြည်ကို ပြန်သိမ်းရေး လှုပ်ရှားမှုမှာ ခေါင်းဆောင် ပါဝင်ခဲ့ကြ ပါတယ်။

စောရန်ပိုင်ဟာ သားတော်သမီးတော်တွေကို ငယ်စဉ်ကတည်းက မြန်မာစာ၊ မြန်မာရာဇဝင်နဲ့ စစ်ပညာတွေ သင်ပေးသလို တရုတ်ကျောင်းမှာလည်း တရုတ်စာ သင်စေပါတယ်။ တရုတ်ပြည်မှာ ရှိတဲ့ ရှမ်းနဲ့ ရှမ်းတရုတ် အရပ်သားတွေ၊ မြန်မာပြည်က လိုက်လာကြတဲ့ စစ်သားဟောင်းတွေ၊ မြန်မာ အရပ်သားတွေနဲ့ ပူးပေါင်း ပြီး မြန်မာပြည်ကို ပြန်သိမ်းဖို့ ပြင်ဆင်နေခဲ့ပါတယ်။ စစ်သား သုံးသောင်းလောက် စုမိပြီး တရုတ်ဘက်က ရောင်းပေးတဲ့ လက်နက် နှစ်ထောင်နဲ့ ကျည်ဆန် သုံးသောင်းလောက် ရှိလာတဲ့ ၁၉၂ဝ မှာတော့ သားတော်လေးပါးလည်း အသက် ၂ဝ ကနေ ၁၆ နှစ်ကြား အရွယ်ရောက် လာကြပြီ ဖြစ်တဲ့အတွက် မြန်မာပြည်ထဲ ဝင်တိုက်ဖို့ ဆုံးဖြတ်ပါတယ်။ 

သားတော်ကြီး စောဦးက သိန္နီ၊ သားတော်လတ် စောလူးက မြစ်ကြီးနား၊ သားတော်ငယ် စောနေဒွန်းက မူဆယ်နဲ့ သားတော်ထွေး စောနေဝန်းက ဗန်းမော်ဘက်က ဖြစ်ပြီး သားတော်တပါးကို တပ်သား ခြောက်ထောင်စီပေးပြီး စေလွှတ်တယ်လို့ မောင်သန်းဆွေ (ထားဝယ်)ရဲ့ ကုန်းဘောင်အလွန် (ပထမတွဲ)မှာ ပါရှိပါတယ်။ 

#သားတော်များရဲ့စစ်

စောနေဝန်းဟာ မြန်မာပြည် အဝင်မှာ တွေ့တဲ့ ဗြိတိသျှ ကုန်သည်တွေကို သူတို့ဝင်တိုက်မယ့်အကြောင်း ပြောမိလို့ သူ့တပ် ချေမှုန်းတိုက်ခိုက်ခံရပါတယ်။ ဓားလှံသာပါတဲ့ သူ့တပ်တွေကို ဗြိတိသျှဘက်က စက်သေနတ်၊ ရိုင်ဖယ်သေနတ်တွေနဲ့ပစ်လို့ လူထောင်ချီ အတုံးအရုံးသေကြတာပါ။ ဒီလို သူ့တပ်ပျက်တဲ့ အတွက် သူ့နောင်တော်တွေ တပ်ခေါက်ပြန်ကြပါတယ်။ 

အသက်မသေဘဲ ကျန်ရစ်တဲ့ စောနေဝန်းကို ကသာမှာ ဗြိတိသျှဖမ်းမိပြီးနောက် မြစ်ကြီးနားမှာ ရုံးထုတ်ချိန်မှာ ဘထွေးတော် ယစ်မျိုးအရာရှိ မက္ခရာထိပ်တင်တုတ်နဲ့ တွေ့ပေးပြီး စောရန်ပိုင် သားတော်ဟုတ်မဟုတ် စစ်ဆေးပါတယ်။ စာသင်ချင်လို့ မြန်မာပြည်ထဲလာပြီး ဗြိတိသျှအောက်မှာ ထမ်းဆောင်နေတဲ့ ဘထွေးတော် အရာရှိတွေနဲ့ အဆက်အသွယ်ရှာတာဆိုပြီး စောနေဝန်းက လီဆည် ပြောပါတယ်။ အဲဒီနောက် သူ့ကို မန္တလေးနယ်ပိုင် ထိပ်တင်ဖြူရဲ့ အိမ်မှာ ခေါ်ပြီး ကျောင်းထားဖိုအတွက် တိုင်းမင်းကြီးနဲ့ သွားတွေ့ခိုင်းရာမှာ ဖိနပ်ချွတ်ခိုင်းရာက စကားအချေအတင် ဖြစ်ပြီး ပြန်ခဲ့ပါတယ်။ အဲဒီနောက် ထိပ်တင်တုတ်ရဲ့ ရန်ကုန် စမ်းချောင်းစံအိမ်မှာ ခေါ်ထားချိန်မှာ နှမဝမ်းကွဲ တော်တဲ့ ထိပ်တင်မလေးနဲ့ အကြောင်းပါ ပါတယ်။

စောနေဝန်းဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ထိ အကျယ်ချုပ်ပုံစံ နေခဲ့ရပါတယ်။ စစ်ပြီးနောက် ရန်ကုန်မှာပဲ ၁၉၆၈ မှ မထင်မရှား ကံကုန်ခဲ့ပါတယ်။

သူ့နောင်တော် စောနေဒွန်းကတော့ ၁၉၂၅ မှာ မူဆယ်မှာ တိုက်ရင်း အသာရလာတဲ့အခါ စစ်ရပ်စဲဖို့ ဗြိတိသျှဘက်က ကမ်းလှမ်းတယ်ဆိုပါတယ်။ စစ်စရိတ်ပေးမယ်၊ မြန်မာပြည်ကို လွတ်လပ်ရေးပေးဖို့ အထက်ကို တင်ပြပေးမယ် စတဲ့ ကမ်းလှမ်းချက်ကို ယုံပြီး စစ်ရပ်မိတဲ့ စောနေဒွန်းကို ဗြိတိသျှက ဖိတိုက်တဲ့အခါ တပ်ပျက်ပြီး သူနဲ့အတူပါတဲ့ ကချင်၊ တရုတ်ရှမ်း ခေါင်းဆောင်တွေနဲ့အတူ သေဒဏ်ပေးခံရပါတယ်။ နောက်မှ သူတို့ကို တကျွန်းဒဏ် ပြောင်းပေးခဲ့တာပါ။ ၁၆ နှစ် အကျဉ်းချခံရပြီး ရန်ကုန်ထောင်ဆူပူမှုမှာ ခြေထောက် သေနတ်မှန်ခဲ့ပါတယ်။ ပြန်လွတ်လာပြီးနောက် တရုတ်ပြည်ပြန်ပို့ ခံရပြီး မိုင်းတီးမှာ ၁၉၄၅ က ကံကုန်ပါတယ်။

#စာပေဖြင့်မှတ်တမ်းတင်ခြင်း

ဒီဖြစ်ရပ်တွေကို အခြေပြုပြီး ဒဂုန်ခင်ခင်လေး ရဲ့ ရွှေစွန်ညိုဝတ္ထု ၁၉၃၉ မှာ ထွက်လာခဲ့ပါတယ်။ ဝတ္ထုမှာ စောရန်ပိုင်လို့ မဖော်ပြပေမယ့် ရွှေစွန်ညိုခေါ် ဗိုလ်မှူးလေး ခင်မောင်ညိုရဲ့ ပါတော်မူခါစ ပုန်ကန်မှုတွေကနေ တရုတ်ပြည်ထဲခိုဝင်တာ၊ တရုတ်ဓားပြတပ်တွေနဲ့ မိတ်ဖွဲ့ပြီး မြန်မာပြည်ပြန်တိုက်တာတွေကို သားရွှေစွန်ညို၊ မြေးရွှေစွန်ညိုခေါ် စောရန်နိုင်ခေတ်ထိ ချိတ်ဆက်ဖော်ပြထားတဲ့ စောရန်ပိုင် မိသားစုကို နောက်ခံပြုတဲ့ ဝတ္ထု ဖြစ်ပါတယ်။ 

ဒီဇာတ်လမ်းကို အေဝမ်းရုပ်ရှင်က ဗြိတိသျှခေတ် မှာပဲ ရီးစားဓမြအမည်နဲ့ ရုပ်ရှင် ရိုက်ရာမှာ အထူး အောင်မြင်ခဲ့ပြီး ဗြိတိသျှအစိုးရမနှစ်မြို့တဲ့အတွက် ပါတော်မူခန်းကို ဖြုတ်ပေးခဲ့ရပါတယ်။ ဒီဝတ္ထုရဲ့ ထူးခြားချက်က ပဒေသရာဇ်ပြန်နန်းတင်ရေးအဆင့်ကနေ တရုတ်ကွန်မြူနစ်လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့အထိ မျိုးဆက်သုံးဆက်အတွင်း ပြောင်းလဲပုံတွေကို စာဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

ရီးစားဓမြဇာတ်လမ်းကို ရုပ်ရှင်ရွှေရတုခေတ်မှာ ဒါရိုက်တာမောင်မောင်စိုးနဲ့ မောင်မောင်မြင့်တို့က ဝင်းဦး၊ ခင်သန်းနုတို့နဲ့ ရီးစားဓမြအမည်နဲ့ပဲ ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ 

#မမထားနဲ့အပါ

စောရန်ပိုင်ရဲ့ သားတော်တွေထက် သမီးတော် #စောခွန်တီ_ခေါ်_မမထား..အကြောင်း မြန်မာပြည်မှာ လူသိပိုများပါတယ်။ ဒါကလည်း ဒဂုန်မြတ်လေးနွယ် ဝတ္ထုကို ဒဂုန်ခင်ခင်လေး ဇာတ်ညွှန်းရေးတဲ့ ၁၉၃၈ က မြှားနတ်မောင်ဇာတ်ကားကြောင့် ဖြစ်ပါတယ်။ 
မောင်တင်မောင်၊ မေရှင်တို့ပါဝင်တဲ့ ဒီဇာတ်ကား ဟာ မမထားရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ပြည့်စုံအောင် မဖော်ပြနိုင်ပေမယ့် ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်လမ်းအဖြစ် အောင်မြင်ခဲ့ပါတယ်။

စစ်ပြီးခေတ်မှာတော့ ညွန့်ဝင်း၊ မြင့်မြင့်ခင်တို့နဲ့ မမထားနဲ့အပါဆိုပြီး ပြန်လည်ရိုက်ကူးခဲ့ရာမှာလည်း အထူးအောင်မြင်ခဲ့ပါတယ်။

#ကြည်အေးရဲ့တမ်းတတတ်သည်ဖြစ်လာပုံ

ဒီဇာတ်ကျောရိုးကိုပဲ ဗန်းမော်ရောက်ခိုက် ကြားခဲ့ဖူးတဲ့ #စာရေးဆရာမကြည်အေးက #တမ်းတတတ်သည်...ဆိုပြီး ဝတ္ထုလတ်တပုဒ်ဖွဲ့ခဲ့ပါတယ်။

တကယ်က ဒီဇာတ်လမ်းဟာ ဗန်းမော်မှာ နိုင်ငံရေးနဲ့ နယ်နှင်ခံရတဲ့ မမထားနဲ့ ဆုံခဲ့တဲ့ ကျောင်းသား အပါခေါ် ဝဏ္ဏကျော်ထင် ဦးပါကျင်ပြောပြချက်ကို ဝတ္ထုဇာတ်ကား အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ 

မမထားဟာလည်း သူ့အစ်ကိုတော်တွေလိုပဲ မြန်မာပြည် လွတ်မြောက်ရေးအတွက် နိုင်ငံအနှံ့ ခြေဆန့် ကြိုးပမ်း ခဲ့ပါတယ်။ မမထားကို နိုင်ငံရေးလုပ်ရင် အချစ်ရေး၊ အိမ်ထောင်ရေး ဦးစားမပေးဖို့ ခမည်းတော် စောရန်ပိုင်က တင်းကျပ်စွာ တားမြစ်ထား ပေမယ့် မမထား မြားနတ်မောင်ရဲ့ ပစ်ချက်ကို မလွန်ဆန်နိုင် ဖြစ်ခဲ့ပါတယ်။ မမထားက ၂၈ နှစ်၊ အပါက ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသားဘဝ ၁၉၃၅ က ကြုံခဲ့ရတဲ့ အချစ် ဖြစ်ပါတယ်။
 
အရပ် ၅ ပေ ၄ လက်မနဲ့ ကျားသစ်လို သန်မာတဲ့ မမထား၊ ဆံပင်တိုတို အသားဖြူဖြူနဲ့ မျက်ခုံး မျက်လုံးလှပြီး လည်တိုင် ကြော့ရှင်း တဲ့ မမထားဟာ မြင်းစီးလှံထိုးဓားခုတ်ကျွမ်းကျင်ပြီး တိုင်းရင်းဆေးပညာတတ်သူ၊ ဟိန္ဒူစတန်နီ၊ ကချင်၊ တရုတ်၊ ရှမ်း၊ အင်္ဂလိပ် ဘာသာစုံ တတ်ကျွမ်းသူ လို့လည်း ဦးပါကျင်က လွမ်းလွမ်း ဆွတ်ဆွတ် နဲ့ ကျွန်တော်ချစ်သောမမထားမှာ ရေးဖွဲ့ခဲ့ပါတယ်။

မမထားနဲ့ အပါ တောထဲ လျှောက်သွားကြရင်း ရွာတွေ ရောက်တဲ့အခါ လူတွေက မမထားဟောတဲ့ ဘာသာရေးတရားတွေ လာနာကြတယ်လို့ ဆိုပါတယ်။ တကယ်က သာယာဝတီဆရာတော် ဦးညေယျရဲ့တရားတွေကို အလွတ်ကျက်ကာ မမထားပြန်ဟောတာ ဖြစ်ပြီး နိုင်ငံရေးတွေ ညှပ်ပြောတဲ့အတွက် လူတွေ ကြိုက်ကြပါတယ်။ မမထားကို အဋ္ဌာရသ ၁၈ ရပ် တီးခေါက်မိသူ ဆိုပြီး ချစ်မိသူ အပါက စာဖွဲ့ခဲ့ပါတယ်။ 

မမထားဟာ မြန်မာသီချင်းကြီး သီချင်းခံတွေကို ပိုင်နိုင်ပြီး စောင်းနဲ့ စန္ဒရားကို ကျွမ်းကျင်ပါတယ်။ မမထားအသံဟာ ဖြူသီနဲ့ အေဝမ်းတင်တင်လှအသံမျိုး ဖြစ်ပြီး မမထားကို သတိရမှာစိုးလို့ သာဆန်း ရဂုံဘွေ ပတ်ပျိုးကို ဘယ်တော့မှ နားမထောင်ဘူးလို့ ဦးပါကျင်ခေါ် မျိုးမြင့်ရန်နောင်က ရေးပါတယ်။ မမထားဟာ မန္တလေး အေဘီအမ်ကျောင်းက ဆယ်တန်းအောင်ပြီး ကျောင်းနာမည် မေရီလို့ ခေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို ပညာတတ် ခေတ်မီပေမယ့် ဗြိတိသျှအစိုးရနဲ့ ပတ်သက်သူတွေကို မမထား မုန်းတီးပါတယ်။ ဒါကြောင့် သူ့ကို နယ်နှင်မယ်လုပ်တော့ သူနဲ့အတူ ကားနောက်ခန်းက အတူစီးဖို့လုပ်တဲ့ ပုလိပ်အရာရှိကို မမထား ပါးရိုက်ခဲ့ပါတယ်။ 

ဗန်းမော်က နယ်နှင်ခံရပြီးနောက် မြန်မာပြည်ထဲ ပြန်ဝင်လာတဲ့ မမထား ဟာ ဆေးဆရာမဘဝနဲ့ ပဲနွယ်ကုန်းမှာ စိတ်ဝေဒနာရှင်တယောက်ကို ကုပေးရာက ဓားထိုးခံရပြီး ကံကုန်ခဲ့ပါတယ်။ 
ကြည်အေးက တမ်းတတတ်သည် ထဲက ထိပ်တင်မထွေးကို အချစ်ကို ကိုးကွယ်သူအဖြစ် စာဖွဲ့ခဲ့ပေမယ့် အမှန်က မျိုးချစ်စိတ်ပြင်းထန်သူဖြစ်တယ်လို့ မောင်သန်းဆွေက သုံးသပ်ပါတယ်။ 

မမထား ဗန်းမော်မှာ စံခဲ့တဲ့ အိမ်ကလည်း ဝန်းသိုစော်ဘွားကြီးရဲ့ညီရဲ့အိမ်ဖြစ်ပြီး မမထားမယ်တော် မိုးလှိုင်းဒေဝီနဲ့ ဆွေမျိုးတော်စပ်ပါတယ်။ ဒီအိမ်က ထိပ်ထားလို့ ခေါ်တာကို အကြောင်းပြုပြီး မမထား ဖြစ်လာတာပါ။

#ယူနန်မှာခေါင်းချ

၁၉၃ဝ ကျော်မှာ တရုတ်ပြည်ကို ဂျပန်ဝင်ရောက်ကျူးကျော်ချိန်မှာတော့ စောရန်ပိုင်တယောက် ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို တရုတ် စကား တတ်ကျွမ်းပြီး အင်္ကျီရှည်ဝတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ 

၁၉၄၂ မှာ ဒုတိယကမ္ဘာစစ် အာရှကို ကူးစက်လာပြီးနောက် မြန်မာပြည်ကို ရောက်လာခဲ့ပါတယ်။ မြန်မာပြည် နယ်စပ်ကနေ ယူနန်ကို ဖြတ်ပြီး တရုတ်ပြည် ထဲ ဖောက်ထားတဲ့ ဗမာပြည် လမ်းမကြီးကနေ တရုတ်ပြည်ကို စစ်အကူအညီတွေ ပို့နေတာ ဖြစ်လို့ ဒီလမ်းကို ပိတ်ချင်လို့ ဂျပန်က မြန်မာပြည်အထက်ပိုင်း ကို ချီတက် သိမ်းပိုက်ခဲ့ပါတယ်။ မြစ်ကြီးနား၊ ဗန်းမော်၊ လားရှိုးတင်မက ယူနန်နယ်ထဲထိ ဂျပန်စစ် ရောက်လာရာမှာ ထိန်ချုံးလည်း ဂျပန်လက် ရောက်ခဲ့ သလို အဲဒီမှာ စံနေတဲ့ စောရန်ပိုင်လည်း ဂျပန်အကျဉ်းသား ဖြစ်ခဲ့ပါတယ်။ 

စောရန်ပိုင်ဟာ ကမ္ဘာစစ်ပြီးစ ၁၉၄၆ ၊ သက်တော် ၈ဝ ကျော်အရွယ်မှာပဲ မြန်မာပြည် မပြန်နိုင်ဘဲ ထိန်ချုံးနားက မန်စီမှာပဲ နတ်ရွာစံခဲ့ပါတယ်။ တရုတ်ပြည်မှာ နေသက် နှစ် ၅ဝ ကျော်ရှိခဲ့ပြီး မြန်မာပြည်ထဲ ပြန်ဝင်လာဖို့ ဗြိတိသျှ ဘက်က အကြိမ်ကြိမ် သွေးဆောင်ခဲ့ပေမယ့် မပြန်ဘဲ ပြည်ပမှာ ခေါင်းချခဲ့ပါတယ်။

မြန်မာပြည် လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမန် ပါဝင်ခဲ့တဲ့ မက္ခရာမင်းသားတွေ မရှိတော့ပေမယ့် သူတို့နာမည်တွေက နှစ် ၁ဝဝ ကျော်တိုင် ကျန်နေရစ် ခဲ့သလို သူတို့ခေတ်က အဝေးရောက် ပုန်ကန်သူတို့ရဲ့နိုင်ငံရေးကလည်း ကနေ့ထက်ထိ တည်မြဲနေပါတယ်။

မှီငြမ်း- BBC website မှ ဆောင်းပါးရှင် ဘိုဘို...၏ မြန်မာပြည်မြောက်ပိုင်းရောက် မင်းသားရဲ့ တော်လှန်ရေး...ဆောင်းပါး 

#ဆောင်းလုလင်စုစည်းတင်ပြသည်