နေတိုး

Listing Description

ရုပ်ရှင်သရုပ်ဆောင် နေတိုးကို ၁၉၈၁ခုနှစ်၊ စက်တင်ဘာ (၉)ရက်နေ့တွင် ဦးအောင်သန်း နှင့် ဒေါ်သန်းမြင့်တို့မှ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ နေလင်းအောင် ဖြစ်သည်။ မွေးချင်းသုံးယောက်ရှိသည်။ ၎င်းတို့မှာ အစ်ကို ဇော်လင်းအောင်၊ ညီ ဗီဒီယို သရုပ်ဆောင် မင်းသွေး(နေမင်းအောင်)၊ ညီမ စုမွန်အောင် တို့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ သင်္ချာမေဂျာဖြင့် ကျောင်းပြီးခဲ့သည်။

၁၉၉၉ ခုနှစ်တွင် ရန်ကုန်သို့ရောက်ရှိခဲ့ပြီး YIIK မော်ဒယ်အေဂျင်စီ ကိုတက်ရောက်ခဲ့သည်။ မော်ဒယ်ပြိုင်ပွဲအချို့တွင် ဆုအချို့ ရရှိခဲ့သည်။ မော်ဒယ်အဖြစ် အလုပ်လုပ်စဉ် သူ၏ အနုပညာနာမည်မှာ ဇင်မင်း ဖြစ်သည်။ ငယ်စဉ်ဘဝက သူ၏ ရည်မှန်းချက်မှာ အဆိုတော်နှင့် တေးရေးဖြစ်ရန် ဖြစ်သည်။ ၂၀၀၀ ခုနှစ်က သူ၏ သီချင်းခွေတစ်ခုကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။ သို့သော်လည်း လူသိမများခဲ့ပေ။

၂၀၁၀-ခုနှစ်၊ ဒီဇင်ဘာလတွင် စေ့ထားသော တံခါးများ အမည်ရှိ စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် နေတိုး၏ ဓာတ်ပုံအသားပေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ နေတိုး၏ ဘဝဖြစ်စဉ်၊ အနုပညာနယ်သို့ ဝင်ရောက်လာမှု၊ အမှတ်တရ အဖြစ်အပျက်၊ မှတ်စုတိုများ၊ ကဗျာများကို သူ၏ ငယ်ဘဝက ရိုက်ကူးခဲ့သည့် ဓာတ်ပုံများ၊ မိသားစု ဓာတ်ပုံများ၊ အလှဓာတ်ပုံများ၊ ရိုက်ကွင်းမှ ဓာတ်ပုံများ၊ နိုင်ငံရပ်ခြားခရီးထွက်ခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံများနှင့်အတူတူ ဝေဝေဆာဆာ ထည့်သွင်းဖော်ပြပေးထားသည်။

၂၀၀၉ ခုနှစ်တွင် "မိုးညအိပ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် "နက္ခတ်မှားတဲ့တိုက်ပွဲ"၊ ၂၀၁၇ ခုနှစ်တွင် "တာတေကြီး" ရုပ်ရှင်ကားများဖြင့် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုရရှိခဲ့သည်။ ထို့ပြင် ၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ ရွေးချယ်ချီးမြှင့်သော Star Award ရုပ်ရှင်နှင့် ရုပ်သံဆုပေးပွဲတွင်လည်း “တိမ်တိုက်တံတား” ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုရရှိခဲ့သည်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၏ နှင်းဆီအငြိမ့်အဖွဲ့ဝင် လူရွှင်တော် တစ်ဦးလည်း ဖြစ်သည်။ နှင်းဆီသခင်၊ နှင်းဆီရင်ခွင်၊ နှစ်သစ်နှင်းဆီ၊ ထာဝရနှင်းဆီ၊ ညီညွတ်ခြင်းနှင်းဆီ၊ ရတနာပုံနှင်းဆီ နှင်းဆီပဝါ ခြုံတဲ့လက်အစရှိသဖြင့် ဖျော်ဖြေခဲ့သူလည်း ဖြစ်သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မသဲစုမြတ်ရွှေနှင့် လက်ထပ်ခဲ့သည်။