ငွေတာရီ (၁၉၂၅ - ၁၉၅၉)

Listing Description

ကဗျာဆရာ၊ စာရေးဆရာမ ငွေတာရီကို အဖဗြိတိသျှဘားမား ဦးညွန့်‎နှင့် အမိဒေါ်ချစ်တင်တို့မှ ၁၆ ဖေဖော်ဝါရီ ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်သည်။ မွေးချင်း မောင်နှမ ငါးဦးအနက် တတိယမြောက် ဖြစ်သည်။ အမည်ရင်းမှာ ဒေါ်ခင်ရီ ဖြစ်သည်။

ငယ်စဉ်က ရန်ကုန်မြို့၊ မြို့မမိန်းကလေးအထက်တန်းကျောင်း၌ ပညာဆည်းပူးသည်။ ၁၂ နှစ်သား ခုနစ်တန်းကျောင်းသူဘဝ၌ ဆရာဇော်ဂျီနှင့် မင်းသုဝဏ်တို့၏ ကဗျာများကို လေ့ကျက်ကာ ကဗျာ စပ်သည်။ ၁၄ နှစ်အရွယ် ၁၉၃၉ တွင် ကျန်းမာရေးအခြေအနေကြောင့် ကျောင်းထွက်ရသည်။ ထို့နောက် ရှေးဟောင်းမြန်မာစာပေများကို မောင်သုတ (ဗိုလ်မှူးဘသောင်း)ထံနှင့်၊ အင်္ဂလိပ်စာပေကို မစ္စက်မန်ရိုးထံ သင်ယူသည်။

ကဗျာကို အသက် ၁၅ နှစ် အရွယ်မှ စတင် ရေးသားသည်။ အသက် ၁၈ နှစ်၊ ၁၉၄၃ တွင် မိမိတို့နေထိုင်ရာ တာမွေရပ်ကွက်မှ လူငယ်များ ထုတ်ဝေသည့် တက်သစ် လက်ရေးစာစောင်၌ စတင်ရေးသားသည်။ ထို့နောက် စာနယ်ဇင်းများသို့ ကဗျာ ရေးပို့ကာ စာပေလောကသို့ ဝင်ရောက်သည်။ ထိုနှစ်တွင်ပင် မိခင်ကွယ်လွန်သည်။

၁၉၄၄ တွင် မင်ဆေးရည်ပဲ မှုန်သလားနှင့် ကဗျာရှင်ဝတ္ထုတို၊ ၁၉၄၇ တွင် မာလာမြိုင်ကဗျာများ စာအုပ်များကို ရေးထုတ်သည်။ ၁၉၄၈ တွင် အိန္ဒိယနိုင်ငံသို့ သွားလေ့လာသည်။

၁၉၅၂ ခုနှစ် (အသက် ၂၇) တွင် အင်းစိန်ခရိုင်ပညာဝန် ဦးဝင်းမောင်(ခ)ကဗျာဆရာ မင်းယုဝေနှင့် လက်ထပ်ခဲ့သည်။ သမီး မခင်ရီဝင်းကို ဖွားမြင်သည်။ မခင်ရီဝင်း (မဟာဝိဇ္ဇာ) သည် ၂ဝဝ၄ ခုနှစ်တွင် ထားဝယ် တက္ကသိုလ်၊ မြန်မာစာဌာန၌ ကထိကအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ငွေတာရီသည် ၁၉၅၄ ခုတွင် မင်းယုဝေနှင့် တွဲဖက်ကာ ရတနာကဗျာများ စာအုပ်ကို ထုတ်သည်။ ထိုနှစ်ပင် ခင်ပွန်းမင်းယုဝေနှင့် တွဲဖက်ဘာသာပြန်သည့် အီစွတ်ပုံပြင်များ စာအုပ်အတွက် စာပေဗိမာန်ဘာသာပြန်ဆုကို ရသည်။

ကဗျာစာအုပ် ၄ အုပ် ရေးသား ထုတ်ဝေခဲ့သည်။ ငွေတာရီ၏ ကဗျာ ၁ဝဝ စာအုပ်သည် ၁၉၆ဝ ခုနှစ်၊ စာပေဗိမာန်ကဗျာဆု (ယခု အမျိုးသား စာပေဆု) ရခဲ့သည်။ မင်းယုဝေနှင့် ငွေတာရီတို့ ပူးတွဲ ဘာသာပြန်ဆိုသော ကမ္ဘာကျော် အီစွတ်ပုံပြင်များ စာအုပ်သည် ၁၉၅၄ ခုနှစ်၊ စာပေဗိမာန် ဘာသာပြန်ဆု (ယခု အမျိုးသားစာပေဆု) ရခဲ့သည်။ ငွေတာရီ၏ ကဗျာများသည် အလယ်တန်း၊ အထက်တန်း ကျောင်းသုံး စာအုပ်များတွင် ယနေ့ထိ ပြဋ္ဌာန်းခြင်း ခံရသည်။

ရေးသားခဲ့သော ကဗျာပုဒ်ရေပေါင်းမှာ ၈ဝဝ ကျော်ခန့် ရှိသည်။ ဝတ္ထုရှည်နှင့် ဝတ္ထုတိုများလည်း ရေးသားခဲ့သည်။ ကမ္ဘာ့ ပုံပြင်များကိုလည်း ဘာသာပြန်ဆိုခဲ့သည်။ ၁၉ မတ် ၁၉၅၈-ခုနှစ်(အသက် ၃၃)၊ ဗုဒ္ဓဟူးနေ့၊ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သည်။ ‌ကွယ်လွန်ပြီးမှ ၁၉၆၀ ပြည့်နှစ်တွင် လက်ရွေးစင်ကဗျာတစ်ရာကို မင်းယုဝေက စီစဉ် ထုတ်ဝေရာ ၎င်းစာအုပ်သည် စာပေဗိမာန်ဆု ရသည်။ ၁၉၆၄ တွင်လည်း ငွေတာရီ၏ စာပေလက်ရာ ဖြစ်သော ဆုနှင့် အခြားဝတ္ထုတိုများ စာအုပ်ကို ထုတ်ဝေခဲ့သည်။