မစန္ဒာ

Listing Description

အမည်ရင်း ဒေါ်ချိုချိုတင် ဖြစ်သည်။ အဖ ဦးထွန်းတင် (မန်းတင်)၊ အမိ ဒေါ်သန်းတင်တို့၏ စတုတ္ထမြောက် သမီး ဖြစ်ပြီး ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။

ငယ်စဉ်က ရန်ကုန်မြို့ မြို့မ အမျိုးသမီး အထက်တန်း ကျောင်းတက်ရောက်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်သည်။ ၁၉၆၅ ခုနှစ်တွင် ရန်ကုန် စက်မှု တက္ကသိုလ်သို့ တက်ရောက် ပညာ သင်ကြားပြီး ၁၉၇၁ ခုနှစ်တွင် ဗိသုကာ ဘွဲ့ကို ရရှိ ခဲ့သည်။

ပထမဦးဆုံး ပုံနှိပ်စာမှာ ၁၉၆၅ ခုနှစ် အောက်တိုဘာ လထုတ် ငွေတာရီ မဂ္ဂဇင်းပါ "ကျွန်မ ဆရာမ" ဝတ္ထုတို ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် ပထမဆုံး လုံးချင်း ဝတ္ထု အဖြစ် "ငယ်သူမို့ မသိပါ" ကို ရေးသား ထုတ်ဝေ ခဲ့သည်။

စာရေးသက် အနှစ် ၄ဝ နီးပါးခန့် အတွင်း မဂ္ဂဇင်း ဝတ္ထုတို၊ ဝတ္ထုရှည်ပေါင်း ၁ဝဝ ကျော်ခန့်နှင့် လုံးချင်း ဝတ္ထု ၁၃ အုပ်၊ ဝတ္ထုလတ် ၂ ပုဒ် တို့ကို ရေးသားခဲ့ပြီး ဖြစ်သည်။ မဂ္ဂဇင်း ဝတ္ထုများ ကိုလည်း စုစည်းပြီး မဂ္ဂဇင်း ဝတ္ထုတို (၁)၊ (၂)၊ (၃)၊ (၄) တို့ကို လည်းကောင်း၊ မဂ္ဂဇင်း ဝတ္ထုရှည် (၁)၊ (၂)၊ (၃) တို့ကို လည်းကောင်း ရေးသား ထုတ်ဝေ ခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ရေးသားခဲ့သော "ဘဝ အိပ်မက် ပန်းအိပ်မက်" ဖြင့် အမျိုးသား စာပေ ဝတ္ထုရှည်ဆု၊ မဂ္ဂဇင်း ဝတ္ထုတိုများ (၃) ဖြင့် ၁၉၉၉ ခုနှစ် အတွက် အမျိုးသား စာပေ ဝတ္ထုတိုဆု ရရှိခဲ့သည်။ လုံးချင်း ဝတ္ထု ၁၃ အုပ် အနက် ၁ဝ အုပ်ကို ရုပ်ရှင် အဖြစ် ရိုက်ကူးခဲ့ပြီး ဖြစ်သည်။

ဘဝအိပ်မက် ပန်းအိပ်မက်ကို ထိုင်းဘာသာဖြင့် လည်းကောင်း ကွက်လပ်ကလေး ဖြည့်ပေးပါနှင့် ဂျိမ်းဂျိမ်းဂျုတ်ဂျုတ် ဂျိမ်းဂျုတ်ဂျုတ်တို့ကို ဂျပန်ဘာသာသို့ လည်းကောင်း ပြန်ဆို ထုတ်ဝေ ခဲ့သည်။ (A fro-Asian Writers Association) မှ ထုတ်ဝေသော (Lotus Journal) တွင် အသေဝနာစ ဗာလာနံကို လည်းကောင်း၊ (Michigan University) မှ ထုတ်ဝေသော (Virtual Lotus -Modern fition of Southeast Asia) တွင် ထီးဝတ္ထုကို လည်းကောင်း အင်္ဂလိပ်ဘာသာ ပြန်ဆို၍ ဖော်ပြခြင်း ခံရသည်။ အခြား မဂ္ဂဇင်း ဝတ္ထုတိုများ ကိုလည်း ရုရှား၊ ဂျာမနီဘာသာသို့ ပြန်ဆိုခြင်း ခံရသည်။

၁၉၉၁ ခုနှစ်တွင် ရုရှား နိုင်ငံသို့ လည်းကောင်း၊ ၁၉၉၉ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လည်းကောင်း စာရေးဆရာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် လေ့လာရေး သွားရောက်ခဲ့သည်။

ခင်ပွန်းသည်မှာ ဦးစန်းမောင် (ဗိသုကာ)ဖြစ်ပြီး သမီး အေးချမ်းငြိမ်း၊ သား မိုးငြိမ်းချမ်းတို့ဖြစ်သည်။

ရေးသားခဲ့သော စာအုပ်များ

ကွက်လပ်ကလေးဖြည့်ပေးပါ - ၁၉၇၄ ခုနှစ်

ဂျီဟောသူ - ၁၉၇၃ ခုနှစ်

ဂျိမ်းဂျိမ်းဂျုတ်ဂျုတ် ဂျိမ်းဂျုတ်ဂျုတ် - ၁၉၈၃ ခုနှစ်

ငယ်သူမို့ မသိပါ - ၁၉၇၂ ခုနှစ်

ငြိုးမာန်ဖွဲ့သူရယ် - ၁၉၇၃ ခုနှစ်

စိမ်းရွက်သစ် တဝေဝေ - ၁၉၇၄ ခုနှစ်

ဆဋ္ဌဂံ - ၂ဝဝ၂ ခုနှစ်

နက်ဖြန်ခါ - ၁၉၇၄ ခုနှစ်

နှင်းဆီ - ၁၉၇၆ ခုနှစ်

ပုစ္ဆာ - ၁၉၇၆ ခုနှစ်

ပန်းစကား - ၁၉၇၄ ခုနှစ်

မဂ္ဂဇင်း ဝတ္ထုရှည်များ (၂) - ၁၉၈၉ ခုနှစ်

မဂ္ဂဇင်း ဝတ္ထုရှည်များ (၃) - ၂ဝဝ၂ ခုနှစ်

မစန္ဒာ၏ မဂ္ဂဇင်း ဝတ္ထုရှည်များ - ၁၉၉၆ ခုနှစ်

မစပ်သော ငရုပ် - ၁၉၇၅ ခုနှစ် (မောင်သာရ ၏ ငရုပ်မှန်လျှင်စပ်ရမည် နှင့် တွဲဖက်ထုတ်ဝေသည်)

ဘဝအိပ်မက်၊ ပန်းအိပ်မက် - ၁၉၉၄ ခုနှစ်

ဝတ္ထုတိုများ (၁) - ၁၉၇၄ ခုနှစ်

ဝတ္ထုတိုများ (၂) - ၁၉၈၅ ခုနှစ်

ဝတ္ထုတိုများ (၃) - ၁၉၉၉ ခုနှစ်

ဝတ္ထုတိုများ (၄) - ၂ဝဝ၁ ခုနှစ်

အရိပ် (ပထမတွဲ) - ၁၉၇၈ ခုနှစ်

အရိပ် (ဒုတိယတွဲ) - ၁၉၇၈ ခုနှစ်

တိမ်ဖုံးပါလို့လမသာ-

Up Streams and other Stories - ၂ဝဝဝ ပြည့်နှစ်

အရိပ်