ဦးထင်ကျော်

Listing Description

၁၉၄၆ ဇူလိုင် ၂၀ တွင် အဖ စာရေးဆရာ မင်းသုဝဏ် နှင့် အမိဒေါ်ကြည်ကြည်တို့မှ ရန်ကုန်မြို့၌ မွေးဖွားသည်။ မွေးချင်း ၃ ယောက်ရှိသည့်အနက် ဒုတိယမြောက် သားဖြစ်သည်။ ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် အသက် တစ်နှစ် တစ်လ တစ်ရက်ငယ်ရွယ်သူ ဖြစ်သော်လည်း မက်ဒရစ်ကျောင်း (အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ်)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပညာဆည်းပူးခဲ့သူဖြစ်သည်။

၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၆ တွင် စီးပွားရေးပညာဘွဲ့ (B.Eco) ရရှိခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ကွန်ပျူတာ တက္ကသိုလ်သို့ ပြောင်းရွေ့ပညာသင်ကြားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ကွန်ပျူတာ မဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။ နိုင်ငံတော် မှ ပညာတော်သင်ဆု ရရှိပြီး လန်ဒန်တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၇ တွင် Arthur DeLittle, Management Education Institute, Cambridge, Massachusetts တွင် ပညာသင်ယူခဲ့သည်။

၁၉၆၈ မဟာတန်း တက်စဉ် အချိန်ကာလအတွင်း တက္ကသိုလ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၅ ခုနှစ်မှာပင် အကြီးစားစက်မှုလုပ်ငန်းတွင် ဌာနခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ မှ ၁၉၉၂ ထိ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန တွင် ဒုတိယ ညွှန်ကြားရေးမှူး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်မှ အနားယူခဲ့သည်။

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတွင် စတင်တည်ထောင်စဉ်မှ သမ္မတ မဖြစ်မီအထိ အလုပ်အမှုဆောင် အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသို့ ဝင်ရောက်ခဲ့သည်။ နာမည်ကြီး ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးလွင်၏သမီး ဒေါ်စုစုလွင် (ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ) ၏ ခင်ပွန်းလည်း ဖြစ်သည်။

၂၀၁၆ မတ်လ ၁၅ ရက်တွင် ဦးထင်ကျော်အား ပြည်ထောင်စု လွှတ်တော်မှ သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကျမ်းသစ္စာကြိမ်ဆိုပြီး မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတဖြစ်လာခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၈) ဖြင့် သမ္မတရာထူးမှ နုတ်ထွက်ကြောင်း ကြော်ငြာခဲ့သည်။

ဦးထင်ကျော်သည် "ဒလဘန်း" ကလောင်အမည်ဖြင့် သုတစာပေ နိုင်ငံရေးစာပေ တို့ကိုရေးသားခဲ့သည်။ သူ၏ဖခင် မင်းသုဝဏ်အကြောင်းကို “အဘဘဝ အဘအကြောင်း တစေ့တစောင်း” အမည်ဖြင့် စာအုပ်ရေးသားခဲ့သည်။