နောင်တော်ကြီးစေတီ

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ရင်ပြင်တော်၏ တနင်္ဂနွေထောင့်တွင် တည်ရှိသည်။ ရင်ပြင်တော်ပေါ်၌ ရွှေတိဂုံစေတီတော်မှအပ ဉာဏ်တော်အမြင့်ဆုံး စေတီတော် ဖြစ်သည်။ ရွှေတိဂုံစေတီတော် စတင်တည်ဆောက်ခဲ့စဉ်က ဓာတ်တော်များ ယာယီကိန်းဝပ်ခဲ့ရာ နေရာတွင် ဥက္ကလာပမင်းကြီးနှင့်တကွ ဆံတော်များ ပင့်ဆောင်ရာတွင် ပါဝင်ခဲ့ကြသည့် တဖုဿ၊ ဘလ္လိက ညီနောင်နှင့် ပြည်သူပြည်သား အပေါင်းကို အထိမ်းအမှတ် ပြုသောအားဖြင့် တည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ နောင်တော်ကြီးစေတီသမိုင်းရာဇဝင်နှင့် ပတ်သက်၍ အဆိုအမိန့်အမျိုးမျိုးကွဲပြားလျက် အလောင်းမင်း တရားကြီး၏ သားတော် ဒီပဲယင်းမင်း၊ သီရိပဝရမဟာဓမ္မရာဇာဘွဲ့ခံ နောင်တော်ကြီးမင်း ကောင်းမှုဟု ဆိုကြသည်။ အချို့သော ပညာရှင်တို့က ရွှေဘိုမင်းခေါ် သာယာဝတီမင်း၏ နောင်တော်ဖြစ်သော ရတနာပူရ စတုတ္ထမြို့တည်နန်းတည် စစ်ကိုင်းမင်း (ဘကြီးတော်ဘုရား)ကောင်းမှုဟုလည်း ဆိုကြပြန်သည်။ အချို့ကမူ ရွှေတိဂုံစေတီတော် မတည်ဆောက်မီ ပုံစံယူသည့် စေတီတော်ဖြစ်ခြင်းကြောင့် ရွှေတိဂုံစေတီတော်ထက် ဝါတော်ရင့်သည်၊ သက်တော်ကြီးသည်၊ ထို့ကြောင့် နောင်တော်ကြီးတွင်သည် စသည်ဖြင့် အမျိုးမျိုးသော အဆိုအမိန့်များကို တွေ့ရပါသည်။ နောင်တော်ကြီးစေတီကို မူလစေတီအား ငုံ၍ အဆင့်ဆင့် တည်ထားခဲ့ရာ လွန်ခဲ့သော နှစ်ပေါင်း ၂၃၀ ခန့်တွင် စစ်ကဲတော်မင်း ဦးထော်လေးမှ ယနေ့ဖူးမြင်ရသော ဉာဏ်တော်အမြင့် အတောင် ၈၀ သို့ ရောက်ရှိအောင် တိုးမြှင့်မွမ်းမံခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် မော်လမြိုင်ကုန်သည်ကြီး ဦးမွန်ထော်က ထပ်မံပြုပြင်ခဲ့ပြန်သည်။ နောင်တော်ကြီးစေတီ အထက်ပစ္စယာသို့ အမျိုးသားများသာ တက်ရောက်ဖူးမြော်နိုင်ပြီး ကလေးသူငယ်များနှင့် အမျိုးသမီးများ တက်ရောက်ခြင်းကို တားမြစ်ထား သည်။ နောင်တော်ကြီးစေတီ၏ အနောက်ဘက်မုခ်ဦး တန်ဆောင်းမှာ ဝိဇ္ဇာတန်ဆောင်း (စစ်ကွင်းတန်ဆောင်း) ဖြစ်သည်။ မြောက်ဘက်မုခ်ဦး တန်ဆောင်းမှာ ရှင်မထီးတန်ဆောင်း ဟုခေါ်သော ဦးစံဖြူ-ဒေါ်သာနု တန်ဆောင်း ဖြစ်သည်။ အရှေ့ဘက်မုခ်ဦး တန်ဆောင်းမှာ ရှင်အရဟံတန်ဆောင်း ခေါ် ဦးအံ့-ဒေါ်ဖော့အူ တန်ဆောင်းဖြစ်သည်။ တောင်ဘက်မုခ်ဦး တန်ဆောင်းမှာ ရှင်အဇ္ဇဂေါဏတန်ဆောင်း ဖြစ်သည်။