ကျားကူးသိမ်

Listing Description

ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ပေ ၁၀၀ ပတ်လည်အကျယ်အဝန်းရှိ ကျားကူးကျောင်းတိုက်အတွင်း တည်ရှိသည့် ရှေးဟောင်းသိမ်ကြီး ဖြစ်သည်။ သီဟဒီပမင်းအား ဒါယကာပြုကာ၊ အရှင်ယသ၊ အရှင်သောဏနှင့် အရှင်သုစိ အမှူးပြုသော ရဟန္တာအရှင်မြတ်ရှစ်ပါးမှ သာသနာတော်နှစ် ၂၃၈-၂၃၉ ခုနှစ်ခန့်တွင် သမုတ်ခဲ့သည့် ရန်ကုန်မြို့တစ်ဝန်းတွင် ဖြန့်ကျက်တည်ရှိနေသော သမိုင်းဝင်သိမ်ကြီးကိုးသိမ်အနက် ဤကျားကူးသိမ်သည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ မူလသိမ်တော်မှ ရွှေတိဂုံနှင့် သိမ်ကြီးဈေးသွားလမ်း ဖောက်လုပ်စဉ် မလွတ်သဖြင့် ဖျက်သိမ်းခဲ့ရပြီး ပွဲစားကြီး ဦးဘိုးခင်က မြူနီစီပယ်သို့ ပြန်လည်လျှောက်ထားခဲ့သဖြင့် လက်ရှိနေရာ၌ ၁၉၂၀-၂၁ ခုနှစ်တွင် ပြန်လည်ဆောက်လုပ်ခွင့် ရခဲ့ပါသည်။ ပုံမှန်မြင်တွေ့နေကျ ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံများနှင့်မတူဘဲ တမူခွဲထွက်နေသည့် ကျားကူးသိမ်၏ ဒီဇိုင်းပုံစံကို ဗိသုကာပညာရှင် ဦးဘိုကြည်က ရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ သိမ်အတွင်း၌ စကျင်ကျောက်ဖြင့် ထုဆစ်ထားသော ဗုဒ္ဓဆင်းတုတော်မြတ်တစ်ဆူကို ကြည်ညိုဖွယ် ဖူးမြင်တွေ့ရပါသည်။