ရှင်အဇ္ဇဂေါဏဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီ၏ တောင်ဘက် အာရုံခံတန်ဆောင်းအတွင်း တည်ရှိသည်။ ထိုတန်ဆောင်း၏ မူလဒါယကာမှာ သာယာဝတီမင်းလက်ထက် ရန်ကုန်ဝန် ဦးညိုဖြစ်ပြီး ၁၈၃၆ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့သည်။ နှောင်းပိုင်းတွင် ပြုပြင်မွမ်းမံသူ အလှူရှင်တို့ကို အစွဲပြု၍ ဦးဘသောင်း ဒေါ်သီတန်ဆောင်းဟု ခေါ်ကြသည်။ ထိုတန်ဆောင်း၏ မြောက်ဘက်နံရံတွင် ထိုင်တော်မူ ရပ်တော်မူ ရုပ်ပွားတော်များ အများအပြားပင် ရှိသည်။ ထိုဆင်းတုများအနက် အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော် သုံးဆူ ရှိသည်။ ထိုသုံးဆူသည် ထုလုပ်ပုံ လက်ရာနှင့် အသွင်အပြင် အဆင်းတော်များ ခြားနားသကဲ့သို့ မူလကုသိုလ်ရှင်များလည်း မတူကြချေ။ ထိုသုံးဆူအနက် အံ့ဖွယ် (၅) ရှင်အဇ္ဇဂေါဏဘုရား ဟူသည်မှာ တန်ဆောင်း၏ အနောက်မြောက်ထောင့် (ရာဟုထောင့်) မှ ဆင်းတုတော်ဖြစ်သည်။ ထိုဆင်းတုသည် ရှင်အဇ္ဇဂေါဏဆရာတော်အား ရည်စူး၍ မျက်စိတစ်ဖက်ကျဉ်း တစ်ဖက်ကျယ် ထုလုပ်ခဲ့သော ဆင်းတုတော်ဖြစ်သည်။ အံ့ဖွယ် (၅) ရှင်အဇ္ဇဂေါဏဘုရား ဆိုသည်မှာ ဤဆင်းတုတော်ဖြစ်သည်။ အလယ်မှ ဆင်းတုတော်မှာ အင်းဝဦးအောင် ဆင်းတုတော်ဖြစ်၍ အရှေ့မြောက်ထောင့် (တနင်္ဂနွေထောင့်) မှ ဆင်းတုသည် အင်းဝိဇ္ဇာဆင်းတုတော် ဖြစ်သည်။