ဒဂုန်ဦးစန်းငွေ (၁၉၁၀ - ၁၉၉၁)

Listing Description

ဒဂုန် ဦးစန်းငွေကို ကျောက်ပန်းတောင်း မြို့နယ်၊ တည်ပင်တဲရွာ၌ အဖ တောင်သူ ဦးအောင်ဇေယျ၊ အမိ ဒေါ်သည်းအူတို့မှ ၁၉၁ဝ ပြည့်နှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မွေးချင်း ကိုးယောက်တွင် အကြီးဆုံးဖြစ်ပြီး ငယ်မည်မှာ မောင်စံတင် ဖြစ်သည်။

ငယ်စဉ်က တည်ပင်ရွာ ဦးကေသရ (နောင်) တွင် လောကဓာတ်ကျောင်း၌ ပညာသင်သည်။ လေးတန်း အထိသာ သင်ရသည်။ လေးတန်း စာမေးပွဲ အောင်မြင်ခဲ့သည်။ ကျောင်းဆရာ ဖြစ်လို၍ ညောင်ဦးသို့ အထက်တန်းပညာ ဆက်သင်ရန် သွားရောက်ခဲ့သည်။ ၁၂ နှစ်သားတွင် ညောင်ဦး မဟာဝိသုတ ရာမတိုက်သစ်၌ လောကုတ္တရာ စာပေကို ဆက်လက် သင်ကြားသည်။ ကိုရင်ဝတ်ပြီး အသက် ၂ဝ တွင် ရဟန်း တက်ခဲ့သည်။ ဘွဲ့အမည်မှာ ဦးဇာနေယျ ဖြစ်ပြီး ရဟန်းဘဝတွင် စာချပုဂ္ဂိုလ် (ဂန္ဒဝါဓကု) ဖြစ်သည်။ ၂၃ နှစ်သားတွင် မန္တလေး လယ်တီ ဦးကောဝိဒ (ပုပ္ပါး ဦးကျော်ရင်) ထံ ရောက်သည်။ မန္တလေး၌ နှစ်နှစ် ပညာ ဆက်လက် ဆည်းပူး၏။ ၁၉၃၅-ခုနှစ် အသက် ၂၅ နှစ်တွင် လူဝတ်လဲသည်။

၁၉၃၃ ခုနှစ်မှ စ၍ ဒဂုန်မဂ္ဂဇင်းတွင် "ပေါက္ကံမောင်တင်" အမည်ဖြင့် ကဗျာများ စရေးသည်။ ထိုနှစ်မှာပင် ဒဂုန်မဂ္ဂဇင်း၊ ယုဝတီ စက္ခုအခန်း၌ သီရိပစ္စယာ စောဥမ္မာ ကလောင် အမည်ဖြင့် ရေးသားခဲ့သည်။ ဒဂုန်မောင်စံသူ ကလောင် အမည်ပွားကိုလည်း ယူခဲ့၏။ ဘားမားဂျာနယ်တွင် ဘားမားစန်းစန်း ကလောင် အမည်ဖြင့် ရေးခဲ့၏။ ဒဂုန်ဦးစန်းငွေ အမည်ဖြင့် ပျို့အဘိဓာန် (၁၉၃၇) စာအုပ်ကို ပထမဆုံး လုံးချင်းအဖြစ် ထုတ်ဝေခဲ့သည်။

၁၉၃၅-ခုနှစ်တွင် မန္တလေး ရွှေဗမာမဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၃၆ ခုနှစ်မှ ဒုတိယကမ္ဘာစစ် ဖြစ်သည်အထိ ဒဂုန် မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့တွင် အဖွဲ့ဝင်၊ ၁၉၄၇-ခုနှစ်၊ ဒဂုန်မဂ္ဂဇင်း အယ်ဒီတာချုပ်နှင့် အေဝမ်းရုံစုံ အယ်ဒီတာချုပ်၊ ၁၉၅၄-၅၅ ခုနှစ်တွင် ရုပ်ရှင်အောင်လံ အယ်ဒီတာ၊ ၁၉၆၄ ခုနှစ်မှ စ၍ ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာပေ အတိုင်အပင်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်မှ စ၍ မြန်မာစာပေ ကော်မရှင် (မြန်မာစာအဖွဲ့) အဖွဲ့ဝင်နှင့် ကျောင်းသုံးစာအုပ် ကော်မတီအဖွဲ့ဝင်၊ စာပေလုပ်သား စည်းရုံးရေး ကော်မတီဝင် တာဝန်များကို ယူခဲ့သည်။ ၁၉၈၅-ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်းတွင် အတိုင်ပင်ခံစာတည်း၊ ရတနာမွန်မဂ္ဂဇင်းတွင် စာတည်းချုပ်အဖြစ်လည်းကောင်း ထမ်းဆောင်သည်။

ဆရာကြီးသည် ပေါက္ကံမောင်တင်၊ သီရိပစ္စယာစောဥမ္မာ၊ မောင်စံတူ၊ ဘားမားစန်းစန်း၊ ဒဂုန်ဦးစန်းငွေ စသည့် ကလောင်အမည်များဖြင့် စာများ ရေးသားခဲ့သည်။

ဆရာကြီးသည် မြန်မာစာအဖွဲ့၏တာဝန်များကို ကွယ်လွန်ချိန် ၁၉၉၁-ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ

ယုဝတီမျက်မှန် (ခေါ်) ပျို့အဘိဓာန် ၁၉၃၇

ကာမမှု ၁၉၄၇

အေဝမ်းသီချင်း ညွန့်ပေါင်းချုပ် ၁၉၅၈

တောင်နန်းဘွား ၁၉၆၆

မြန်မာမှု အထွေထွေ ၁၉၆၇

သဒ္ဒါမျက်လုံး ရေးဖတ်ထုံး ၁၉၆၇

ကဗျာက ပေးသော ဗဟုသုတများ ၁၉၆၈

အထက်တန်း မြန်မာသဒ္ဒါ ၁၉၇၂

အလယ်တန်း မြန်မာသဒ္ဒါ ၁၉၇၂

တဆယ့်နှစ်လမိုး ၁၉၇၂

ဒို့စကား ဒို့စာ ဒို့သဒ္ဒါ ၁၉၇၂

အခြေခံ မြန်မာသဒ္ဒါ ၁၉၇၂

သဒ္ဒါကို လေ့လာခြင်း ၁၉၇၃

သဒ္ဒါအမြင် စာအမြင် ၁၉၇၄

ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့သော မေးခွန်းနှင့် ပြဿနာများ ပေါင်းချုပ် (ပ-တွဲ) ၁၉၇၃

ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့သော မေးခွန်းနှင့် ပြဿနာများ ပေါင်းချုပ် (ဒု-တွဲ) ၁၉၇၄

ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့သော မေးခွန်းနှင့် ပြဿနာများ ပေါင်းချုပ် (တ-တွဲ) ၁၉၇၅

ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့သော မေးခွန်းနှင့် ပြဿနာများ ပေါင်းချုပ် (စ-တွဲ) ၁၉၇၅

ဗုဒ္ဓကိုယ်တိုင် ဖြေကြားခဲ့သော မေးခွန်းနှင့် ပြဿနာများ ပေါင်းချုပ် ၁၉၇၈

ပြည့်လက်ရုံး ၁၉၇၄

ဗုဒ္ဓနိကယ် ငါးရပ် ၁၉၇၅

ဗုဒ္ဓ အမွေအနှစ်၏ အရသာ ၁၉၇၅

စာဗူးတောင်း ၁၉၇၅

မြန်မာစာပေ ဝိသေသ လက္ခဏာများ ၁၉၇၆

ဗုဒ္ဓ၏ ဝိနည်း ဝတ္ထုတော်ကြီး ၁၉၇၆

နိဗ္ဗာန်စခန်း လက်တကမ်း ဇာတ်နိပါတ်ဝတ္ထု (ပထမတွဲ) ၁၉၇၆

နိဗ္ဗာန်စခန်း လက်တကမ်း ဇာတ်နိပါတ်ဝတ္ထု (ဒုတိယတွဲ) ၁၉၇၇

ယထာဘူတ ၁၉၇၇

အသုံးချ မြန်မာသဒ္ဒါ ၁၉၇၉

ဒေဝဒတ်၊ အဇာတသတ် ၁၉၇၉

သောတာပန် ၁၉၈၀

ပုဂံပြည်ရောက် အရှင်အရဟံ မဟာဗောဓိသမိုင်း ၁၉၈၀

လက်ဝဲရံ လက်ယာရံ ၁၉၈၁

ဘလာတိယပျို့အဖွင့် ၁၉၈၅

သောတာပန်နှင့် ယထာဘူတ ၁၉၈၅

စာဏကျနီတိနှင့် သိင်္ဂါလောဝါဒသုတ္တန် ၁၉၈၉

ဝိဓူရဇာတ်တော်ကြီး ခက်ဆစ်နှင့် အဖြေစုံ