ပုပ္ပါးတောင်

Listing Description

ပုပ္ပါးတောင်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ယင်းတောင်တန်းသည် ပဲခူးရိုးမ၏ မြောက်ဘက်အစွန်းတွင် သီးခြား ထိုးထွက်နေသော မီးတောင်ဟောင်းကြီး တစ်ခုပင် ဖြစ်သည်။ ပုပ္ပါးတောင်ဟုဆိုလျှင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘုရားပုထိုးများ၊ အဆောက်အအုံများရှိသည့် ပုပ္ပါးတောင်ကလပ်ကိုသာ အလွယ်မှတ်ယူလေ့ရှိကြသည်။ သို့သော် ပုပ္ပါးတောင်ကလပ်မှာ ပုပ္ပါးတောင်၏ ပထဝီဆိုင်ရာ လှုပ်ရှားမှုများကြောင့် ပဲ့ကျပြီး ဖြစ်ပေါ်လာသည့် အစိတ်အပိုင်းမျှသာဖြစ်ပါသည်။ ပုပ္ပါးတောင်မကြီးသည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ၄၉၈၁ ပေမြင့်ပြီး ပုပ္ပါးတောင်ကလပ်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၁၇ ပေမြင့်ပါသည်။  ပုပ္ပါးတောင်၏ မီးတောင်ကတော့ဝမှာ တောင်၏ မြောက်ဘက်ပိုင်းတွင် အနောက်ဘက်သို့ အနည်းငယ် ယွန်းလျက် နိမ့်၍ တောင်ဘက် ၊ အနောက်ဘက်နှင့် အရှေ့ဘက်တို့တွင် မြင့်မားသည်။ မီးတောင်ဝတွင်းချိုင့်ကြီးသည် ပေ ၃၀၀၀ ခန့်နက်ပြီး ၎င်းအတွင်းထဲတွင် ရှားပါးငှက်မျိုးစိတ်များ၊ ဆေးဘက်ဝင်သစ်ပင်များစွာ ရှိနေသည်ဟု သိရပါသည်။ ပုပ္ပါးတောင်ကို အနောက်ဘက်မှ ကြည့်လျှင် တောင်ထွတ်နှစ်ခု မြင်ရ၍ မြောက်ဘက်မှ ကြည့်လျှင် တောင်ထွတ် တစ်ခုသာ မြင်ရသည်။ ပုပ္ပါးတောင်သည် တောင်ထွတ် တစ်ခုတည်းသာ ရှိသည် မဟုတ်ပဲ စပါးပုံတောင် (အမြင့် ၄၇၅၅ ပေ) ၊ ဆေးမွန်တောင် (အမြင့် ၄၆၀၀ ပေ)၊ ရေတွင်းတောင် ၊ မောင်းတောင်ငုတ်တိုတောင် ၊ လပို့တောင် (အမြင့် ၄၃၀၀ ပေ) ၊ မှန်ပြတောင် (အမြင့် ၄၉၈၁ ပေ) ၊ ဆေးပွင့်တောင် ၊ စိန်တောင် ၊ မာလာတောင် ၊ ကင်ပွန်းတောင် စသည်ဖြင့် တောင်စွယ်များစွာ ရှိပါသည်။