မေရှင် (၁၉၁၇ - ၂၀၀၈)

Listing Description

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်ဒေါ်မေရှင်ကို (၁၂၇၈ ခုနှစ်) ၁၉၁၇-ခုနှစ်၊ မတ်လ ၁ဝ-ရက်နေ့တွင် မန္တလေး အရှေ့ပြင် အောင်တော်မူရပ်၌ အဖ ပွဲစားကြီး ဦးခင်လေး၊ အမိ ဒေါ်ဖွားယုံတို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဒေါ်သန်းရှင် ဖြစ်သည်။ မွေးချင်း ညီအမ ၅ ဦးအနက် အငယ်ဆုံး သမီးဖြစ်ကာ အမဖြစ်သူများမှာ ဒေါ်ချစ်စု၊ ဒေါ်ချစ်ဥ၊ ဒေါ်သိန်းချစ်၊ ဒေါ်ပွားယဉ်တို့ ဖြစ်သည်။ ဝက်စလီယန်ကျောင်းမှ ၇ တန်း အောင်မြင်ခဲ့သည်။

၁၉၃၆ ခုနှစ်တွင်  အေဝမ်းဖလင် ရုပ်ရှင် ကုမ္ပဏီမှ ရုပ်ရှင်မင်းသမီးသစ်များ အလိုရှိကြောင်း လျှောက်ထားနိုင်ကြောင်း ကြော်ငြာအရ  မန္တလေးအေဝမ်း တိုက်ခွဲတွင် လျှောက်လွာတင်ခဲ့သည်။ မကြာမီ ရန်ကုန်အေဝမ်းကုမ္ပဏီမှ ရုပ်ရှင်မင်းသမီးအဖြစ် ရွေးချယ်ခဲ့သဖြင့် ရန်ကုန်သို့ဆင်းလာခဲ့ပြီး ကုမ္ပဏီသို့သွားရာ ကုမ္ပဏီမှ မူလ သန်းရှင် အမည်ကို မေရှင်ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ အေဝမ်းမှ မေသန်းဟူသော မင်းသမီးကို မွေးထုတ်ပြီးဖြစ်ရာ နောက်ထပ် ရောက်လာ ကြသော မင်းသမီးများကို မေရှင်၊ မေချစ်၊ မေမြင့်၊ မေနု၊ မေသစ်၊ မေဆန်း၊ မေလွင် စသည်ဖြင့် မေ နာမည်များ မှည့်ခေါ်ခဲ့သည်။

၁၉၃၇ ခုနှစ်၊ အသက် ၁၉ နှစ်တွင် မင်းသား ရဲခေါင် ချစ်ဆွေ နှင့် တွဲဖက် သရုပ်ဆောင် ရသော ဖူးစာရှင် အသံတိတ် ဇာတ်ကားကို ပထမဆုံး ရိုက်ကူးခဲ့သည်။  အသံတိတ်ဇာတ်ကားများ ရိုက်ကူးရာမှ အေဝမ်းသဘင်ဝန်ဓာတ်ပြား ထုတ်လာရာတွင် ဓာတ်ပြားသွင်းခွင့်ရရှိခဲ့သည်။ ရုပ်ရှင်ထဲတွင် သီဆိုခဲ့သော တေးများအပါအဝင် သီချင်းအပုဒ်ပေါင်း(၈၀)ခန့် သီဆိုခဲ့သည်။ နိုင်ငံကျော် အဆိုတော် ရုပ်ရှင်မင်းသမီးဘဝသို့ ရောက်ရှိသွားသောအခါ ဦးတင်မောင်နှင့်တွဲကာ ကားကြီးကားကောင်းများ ရိုက်ကူးခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင်လည်း ဆက်လက်ရိုက်ကူးခဲ့သည်။ ထို့နောက် မြန်မာ့ ရုပ်ရှင်လောက၏ ပထမဆုံး အသံထွက် ဇာတ်ကားဖြစ်သည့် မြှားနတ်မောင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်များက လက်ခံကာ အောင်မြင်မှုများ ရရှိခဲ့သည်။ နောက်ဆုံးရိုက်ကူးခဲ့သော ဇာတ်ကားမှာ သားတို့ရုပ်ရည် ဇာတ်ကားဖြစ်သည်။ ရုပ်ရှင် ဇာတ်ကားပေါင်း ၁၄ ကား နှင့် ဓာတ်ပြား တေးသီချင်းပေါင်း ၄ဝကျော် ကို သီဆို ခဲ့သည်။

၁၉၅၁ မှ ၁၉၅၈ ခုနှစ်အထိ မြန်မာ့အသံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၈ ခုနှစ်၌ ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိခဲ့သော်လည်း မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားတွင် လှူဒါန်းခဲ့သည်။

၁၉၆၁ ခုနှစ် အသက်၄၅နှစ် အရွယ်တွင် ရုပ်ရှင်လောကမှ အနားယူခဲ့သည်။

၂၀၀၈ခုနှစ် စက်တင်ဘာလ ၃ရက် ည၁၁နာရီ ၃ဝမိနစ်၊ အသက် -၉၁ နှစ် အရွယ်တွင် မန္တလေးမြို့ရှိ အောင်တော်မူ ရပ်ကွက်၊ ၂၆ ဘီလမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြား၊ မြစန္ဒာလမ်းသွယ်ရှိ 'ရတနာ' နေအိမ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ပါဝင်ခဲ့သည့် ရုပ်ရှင်များ

ဖူးစာရှင်

မြှားနတ်မောင်

ချစ်အမျှ

ချစ်ရေစင်

စောင်းတော်ရှင်

ချိန်တန်ပြီ

မေ့တွက်တာ

သားတို့ရုပ်ရည်

ထုတ်ဝေခဲ့သည့် ဓာတ်ပြားများ

ချစ်ရေစင်

အောင်ခြင်းရှစ်ပါး

ပျို့မှာတမ်း

ရွှေအင်းဝ

ပါရမီတော်

ရှင်သီဝလိ

သော်တာငွေမင်း

မြတ်လေးငုံ

ကျေးစေတမာန်

ချစ်ခက်သက်လျာ