ဦးရွှေကြူး (၁၈၈၃ - ၁၉၃၅)

Listing Description

ဦးရွှေကြူးသည် မြန်မာ့ပထမဆုံး ခေတ်သစ်မဂ္ဂဇင်း ထုတ်ဝေသူ ဖြစ်သည်။ ဒေါင်းတံဆိပ် မြန်မာဖတ်စာသစ်ကို စတင်ထုတ်ဝေရန် တီထွင်ကြံစည်ခဲ့သူလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယနေ့တိုင် ဖြန့်ချိလျက်ရှိသည့် မြန်မာ့အလင်း သတင်းစာ အား တည်ထောင်ခဲ့သူ ဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၂၄၅ (ခရစ်နှစ် ၁၈၈၃ ခုနှစ်)ခုနှစ်တွင် မော်လမြိုင်မြို့၌ ဖွားမြင်သည်။ အဖ ဦးခင်၊ အမိ ဒေါ်ဂွမ်းဖြစ်၏။ ဦးရွှေကြူးတွင် မွေးချင်းရှစ်ဦး ရှိလေသည်။ ဦးရွှေကြူးသည် အင်္ဂလိပ်စာတတ်၊ ခေတ်ပညာတတ် ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်၏။ ရန်ကုန်ကောလိပ်တွင် ဝိဇ္ဇာတန်းအထိ တက်ရောက် သင်ကြားခဲ့ဖူးသည်။

မျိုးချစ်စိတ်ထက်သန်သူလည်း ဖြစ်၍ သတင်းစာ မဂ္ဂဇင်းမှအစ စာပေအရေးအသားတွင် အထူးဝါသနာ ထုံသူတစ်ယောက်လည်း ဖြစ်လေသည်။ 'ဒေါင်းတံဆိပ် မြန်မာ ဖတ်စာသစ်ကို' တွေ့ဖူး၊ ဖတ်ဖူး၊ လေ့ကျင့်ဖူးသူတိုင်း ဦးရွှေကြူးနှင့် ဆရာလင်းတို့၏ ကျေးဇူးကို မည် သည့်အခါမျှ မေ့ပျောက်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုဒေါင်းတံဆိပ် မြန်မာဖတ်စာသစ်ကို စတင်ထုတ်ဝေရန် တီထွင်ကြံစည်ခဲ့သူမှာ ဦးရွှေကြူးဖြစ်၍ အရေးအသားအားလုံးအတွက်တာဝန်ခံရသူမှာ အဂ္ဂမဟာပဏ္ဍိတ ဆရာကြီးဦးလင်း ဖြစ်လေသည်။

ဦးရွှေကြူးသည် ပထမကမ္ဘာစစ်ကြီး မဖြစ်မီက ရန်ကုန်မြို့တွင် လာရောက်ဖွင့်လှစ်နေကြသော ဂျာမန် စီးပွားရေးလုပ်ငန်းများနှင့် အဆက်အသွယ်ပြုကာ လုပ်ကိုင်ခဲ့ရာ စီးပွားရေး လုပ်ငန်းဘက်တွင် အတော် အတွေ့အကြုံ ဗဟုသုတများခဲ့၏။ ၁၂၇၁ ခုနှစ်၌ ရန်ကုန်မြို့ ဘားလမ်းအမှတ် ၅၁ တွင် ရွှေကြူး ကုမ္ပဏီဟူ၍ ဖွင့် လှစ်ပြီးနောက် မြေဩဇာလုပ်ငန်း၊ ထီးလုပ်ငန်း၊ စက်ရက်ကန်းလုပ်ငန်း၊ အင်္ဂလိပ်စာကို စာပေးစာယူဖြင့် သင်ကြားခြင်းတို့ကို လုပ်ကိုင်သည်။ ၁၂၇၃ ခုနှစ်တွင် ဦးရွှေကြူး၊ ဆရာမြို့၊ ဦးရွှေလှေးတို့ တွေ့ဆုံဆွေးနွေး၍ ပိဋကတ်သုံးပုံ မြန်မာပြန်မှုကို သဘောတူညီပြီးနောက် ပိဋကတ်သုံးပုံ ထုတ်ဝေရေးကုမ္ပဏီ တည်ထောင်ခဲ့ရာ ရွှေကြူးကုမ္ပဏီက ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဦးရွှေကြူးသည် ရွှေကြူးပုံနှိပ်တိုက်ဟူသော အမည်ဖြင့် ပုံနှိပ်တိုက်တစ်တိုက် ထူထောင်လျက် ခရစ် ၁၉၁၂ ခုနှစ် ဇွန်လတွင် မြန်မာ့အလင်းမဂ္ဂဇင်း စတင် ထုတ်ဝေခဲ့သည်။ စင်စစ် မြန်မာ့အလင်းမဂ္ဂဇင်း အလျင်ကထုတ်ဝေခဲ့သော မဂ္ဂဇင်းများ ရှိသော်လည်း ထိုမဂ္ဂဇင်းများသည် လူထုအား ခေတ်သစ် ဉာဏ်များကို များစွာသွတ်သွင်းပေးနိုင်သောမဂ္ဂဇင်းများ မဟုတ်ဘဲ ရှေးဟောင်းကျမ်းဂန်များမှလာသော ဆုံးမစာများနှင့် ဘာသာရေးများသာ ထည့်သွင်းထုတ်ဝေသော မဂ္ဂဇင်းများ ဖြစ်လေရာ ဦးရွှေကြူးစီမံထုတ်ဝေလိုက်သော မြန်မာ့အလင်း မဂ္ဂဇင်းမှာမူ ခေတ်သစ်ဉာဏ်သစ်များ သွတ်သွင်းပေးသောနည်းများ ပါရှိသော မဂ္ဂဇင်းဖြစ်သဖြင့် တစ်စတစ်စ လူကြိုက်များလာ၏။ ထိုအတွင်း ၁၉၁၄ ခုနှစ် ဩဂုတ်လတွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလေရာ အခွင့်အရေးကို ကောင်းစွာယူတတ်သော ဦးရွှေကြူးသည် မြန်မာ့အလင်း မဂ္ဂဇင်းအပြင် မြန်မာ့အလင်း စစ်ကြေးနန်းသတင်းဟူသောအမည်ဖြင့် ရက်ခြား သတင်းလွှာတစ်စောင်ကို ထိုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေခဲ့လေသည်။ မြန်မာ့အလင်း စစ်ကြေးနန်းသတင်းကို တစ်ပြည်လုံးကပင် အလုအယက် ဝယ်ယူဖတ်ရှုကြသော ဟူ၏။ ၁၉၁၅ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ အစပြု၍ 'မြန်မာအလင်း သတင်းစာ'ဟု အမည်ပြောင်း၍ ထုတ်ဝေခဲ့သည်။

ဦးရွှေကြူးသည် အင်္ဂလိပ်စာတတ်၊ ခေတ်ပညာတတ် ပုဂ္ဂိုလ် တယောက်လည်း ဖြစ်၏။ မျိုးချစ်စိတ်ဓာတ် တက်ကြွသော လူငယ်လူရွယ် တယောက်လည်း ဖြစ်၏။ သတင်းစာ၊ မဂ္ဂဇင်းမှ အစ စာပေ အရေးအသားတွင် အထူး ဝါသနာထုံသူ တယောက်လည်း ဖြစ်၏။ တိုင်းပြည်၏ အသိဉာဏ်၊ ပညာဉာဏ် တို့ကို ဖွံ့ဖြိုး တိုးတက် စေလိုသူ တယောက်လည်း ဖြစ်၏။ ပစ္စည်းဥစ္စာ အရာ၌ အတော်အတန် ကုံလုံ ကြွယ်ဝသူ တယောက်လည်း ဖြစ်၏။ သို့နှင့် "မြန်မာ ဖတ်စာသစ်" တအုပ်ကို ထုတ်လုပ် ဖြန့်ချိလိုသောအခါ ဦးရွှေကြူးက ဆရာကြီးလင်း၏ အကူအညီ တို့ကို တောင်းခံ၏။ စာပေနှင့် ပတ်သက်၍ အသက် ၈ဝ ပြည့် အရွယ်တွင် အနိစ္စ ရောက်သွားသည် အထိ အမြဲတမ်း ကြိုးပမ်း ချီးမြှင့်ခဲ့ပေသော ဆရာကြီး ဦးလင်း ကလည်း ဝမ်းမြောက် ဝမ်းသာ နှင့်ပင် လက်ခံ ကူညီ ခဲ့ပေ၏။ ထို့ကြောင့်လည်း နောက်ဆုံးတွင် "ဒေါင်းတံဆိပ် မြန်မာ ဖတ်စာသစ်" များ ပေါ်ပေါက် လာရခြင်း ဖြစ်သည်။

ဦးရွှေကြူးသည် ကမ္ဘာ့ရေးရာ၊ စစ်ရေးရာတို့ အပြင် ခေတ်ပညာ ဗဟုသုတတို့နှင့် စပ်လျဉ်း၍ တတိုင်းတပြည်လုံးကို နား၊ မျက်စီ ဖွင့်ပေးနိုင်မည့် အခွင့်အရေး၊ ဖိနှိပ် ချုပ်ချယ်လျက် ရှိသော အင်္ဂလိပ်အစိုးရတို့အား အခါအခွင့် သင့်တိုင်း သတိပေး နှိုးဆော် နိုင်မည့် အခွင့်အရေး တို့ကိုပါ ဦးမလေး လက်မတွန့်ဘဲ ရေးသား ဖော်ထုတ် နိုင်စွမ်းရှိသည် တို့ပင် ဖြစ်ပေသည်။ သို့နှင့် "မြန်မာ့အလင်း စစ်ကြေးနန်း သတင်း"၊ "မြန်မာ့အလင်း သတင်းစာ" တနည်းအားဖြင့် "ရွှေကြူး ကြေးနန်း သတင်း"၊ "ရွှေကြူး သတင်းစာ" တို့ကြောင့် တပြည်လုံး တောရော မြို့ပါ မကျန် လှုပ်လှုပ်ရွရွဖြင့် နိုးကြားထကြွ လာရကား အင်္ဂလိပ် အစိုးရသည် "မြန်မာ့အလင်း သတင်းစာ" နှင့် ဦးစီး ထုတ်ဝေသူ ဦးရွှေကြူးအား မျက်စောင်း ထိုးစ၊ ငြိုငြင်စ ပြုလာသည်။ ထိုအခိုက် တနေ့သော အခါတွင် အင်္ဂလိပ် အစိုးရတို့ မနှစ်သက်သည့် သတင်း တရပ် ပါလာမှုကြောင့် "မြန်မာ့အလင်း သတင်းစာ" ကိုလည်း အမိန့်နှင့် ပိတ်လိုက်ကာ ဦးစီး ထုတ်ဝေသူ တိုက်ပိုင်ရှင် ဦးရွှေကြူး အားလည်း မြန်မာပြည် အပြင်အပ ဖြစ်သော စင်္ကာပူမြို့သို့ ပြည်နှင်ဒဏ်ဖြင့် ပို့လိုက်သည်။ ၁၉၂၁ ခုနှစ် အတွင်းသို့ ကျရောက်သော အခါမှသာ မြန်မာပြည်တွင်းသို့ ချင်းနင်း ဝင်ရောက်ခွင့် ရတော့သည်။

သို့ရာတွင် ဦးရွှေကြူး၏ မျိုးချစ်စိတ်မှာ မည်သို့ပင် ဖိနှိပ် ကွပ်ညှပ်ခြင်း ခံခဲ့ရ ငြားသော်လည်း လျော့သည်၊ ပေါ့သည် ဟူ၍ မရှိ။ တိုးလျက်၊ တက်လျက်သာ ရှိခဲ့ရာမှ မြန်မာပြည်သို့ ပြန်လည် ရောက်ရှိ လာသည်နှင့် တပြိုင်နက် "လစ်ဘာတီ" (လွတ်လပ်ရေး) ခေါ် သတင်းစာ တစောင်ကို ကြိုးပမ်း ထုတ်ဝေ ပြန်ဘိသည်။ သို့သော် အကြောင်း မညီညွှတ်လှ သဖြင့် ထိုသတင်းစာမှာ တာရှည် မခံဘဲ ရပ်စဲ သွားရပြီး သည့်နောက် နောက်ဆုံးတွင် ဦးရွှေကြူးသည် ရန်ကုန် မြူနီပါယ်အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ဝင်ရောက် ဆောင်ရွက်ခဲ့ရသည်။

ထို့နောက် များမကြာမီပင်လည်း တွံတေးသို့ ခေတ္တ သွားရောက်ရာမှ ခလုတ်တိုက်မိ၍ ခြေဖျားတွင် ရသောဒဏ်ရာကြောင့် အနာဝင်ပြီးလျှင် ၁၉၃၅ ခုနှစ်၌ ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။

မျိုးချစ်စိတ် ထက်သန်၍ စာပေမြတ်နိုးသူ ဦးရွှေကြူးကား "မြန်မာ့အလင်း မဂ္ဂဇင်း" ကို စတင် ထုတ်ဝေ ခဲ့ရုံမျှမက မိမိ ကိုယ်တိုင်လည်း "ရွှေကြူး အသံထွက် အင်္ဂလိပ် - မြန်မာ အဘိဓာန်"အစ ရှိသည် တို့ကို ရေးသား ထုတ်ဝေခဲ့ သေးသည်။