ခင်ဆွေမြင့် (၁၉၄၇-၂၀၂၀)

Listing Description

အငြိမ်းစား ပါမောက္ခ/ဌာနမှူး နှင့် မြန်မာစာအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ၁၉၄၇-ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အဖကျောင်းဆရာ ဦးမြင့်သိန်းနှင့် အမိ ဒေါ်အေးမြင့်တို့ က မော်လမြိုင်မြို့တွင် ဖွားမြင်သည်။

အလယ်တန်းပညာနှင့် အထက်တန်းပညာကို မော်လမြိုင်မြို့ မော်တင်မိန်းဂျက်ဆင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၄-ခုနှစ်မှ ၁၉၆၆-ခုနှစ်အထိ မော်လမြိုင်တက္ကသိုလ်၊ ၁၉၆၆-ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိသည်။ – ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ကို ရရှိသည်။ ၂၀၀၈-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က Ph.D ဘွဲ့ကို ရရှိ ခဲ့သည်။

လုပ်သားကောလိပ်၊ မော်လမြိုင်ကောလိပ်၊ ဆေးတက္ကသိုလ်-၂ ရန်ကုန်တို့တွင် နည်းပြ၊ စစ်တွေဒေသကောလိပ်တွင် ဌာနမှူး၊ လားရှိုးကောလိပ်၊ မော်လမြိုင်တက္ကသိုလ်၊ ရေဆင်းတက္ကသိုလ်တို့တွင် လက်ထောက်ကထိက၊ ရေဆင်းတိ-မွေး-ကုတက္ကသိုလ်၊ မိတ္ထီလာကောလိပ်၊ ရန်ကုန်တက္ကသိုလ် တို့တွင် ကထိက၊ ပဲခူးဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် တွဲဖက်ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်တွင် ပါမောက္ခ၊ ပါမောက္ခဌာနမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၀၁၂-ခုနှစ်တွင် မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။

နိုင်ငံတော်အဆင့်စာပေပြိုင်ပွဲများစာမူစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသား စာပေဆုနှင့်ရုပ်ရှင် ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့ဝင်၊ အမျိုးသမီးရေးရာအဖွဲ့ချုပ် အမှုဆောင်၊ အမျိုးသမီး အားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ တက္ကသိုလ်နှင့် အခြေခံပညာမြန်မာစာ သင်ရိုးညွှန်းတမ်းကော်မတီတို့တွင် ပါဝင် ဆောင်ရွက်ခဲ့သည်။

ဆွေယင်းမာ(ရန်ကုန်တက္ကသိုလ်) အမည်ဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။

ခင်ပွန်းဖြစ်သူမှာ ဦးအေးမြင့်ကြူ (ပြည်ထောင်စုဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီး) ဖြစ်သည်။ သားသမီး ၃ဦး ထွန်းကားခဲ့သည်။

ဆရာမခင်ဆွေမြင့်သည် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကွယ်လွန်သည်။