ဆာဦးသွင် (၁၈၇၈- ၁၉၆၆)

Listing Description

ဆာဦးသွင် (မြန်မာနှစ် ၁၂၄ဝ-၁၃၂၇၊ ခရစ်နှစ် ၁၈၇၈- ၁၉၆၆) ကို မြန်မာသက္ကရာဇ် ၁၂၄ဝ ပြည့်နှစ် နတ်တော်လပြည့်ကျော် ၅ရက်နေ့ (၁၈၇၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် သောကြာနေ့) တွင် မွန်လူမျိုး အဘဦးဖန် (အချို့စာအုပ်များတွင် ဦးဖလ်ဟု ရေးသားကြသည်)၊ အမိဒေါ်ယဉ်တို့မှ မော်လမြိုင်မြို့ ၌ ဖွားမြင်သည်။ မွေးချင်းသုံးယောက်တွင် အကြီးဆုံးဖြစ်ပြီး ညီဖြစ်သူမှာ မော်လမြိုင် လျှပ်စစ်ဓာတ်မီး သူဌေး ဦးအုန်းဖေ၊ ညီမမှာ စက်ရှင်မင်းကြီးကတော် ဒေါ်နှင်းအိ ဖြစ်သည်။

ဆာဦးသွင်သည် မော်လမြိုင် တောင်လေးလုံးဘုန်းကြီးကျောင်းတိုက်၊ စိန့်ပတ်ထရစ်ကျောင်း၊ ရန်ကုန် အစိုးရအထက်တန်းကျောင်း၊ ရန်ကုန်ကောလိပ်တို့တွင် ပညာသင်ခဲ့သည်။ ထို့နောက် ရန်ကုန်ကောလိပ်တွင် ပညာသင်ကြားရာ ခရစ်နှစ် ၁၉ဝ၁-ခုတွင် အက်(ဖ)အေစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့၏။ ၁၉၀၁-၂ ခုနှစ်အတွင်းတွင် အစိုးရပညာရေးဌာနသို့ ဝင်ရောက်ကာ ပညာအုပ်အဖြစ် အမှုထမ်းခဲ့သည်။ ၁၉ဝ၂-ခုနှစ်တွင် ပညာအုပ်အလုပ်မှ နုတ်ထွက်ပြီးနောက် မော်လမြိုင်မြို့တွင် ဆန်စက်ပိုင်ရှင်အဖြစ်ဖြင့် လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ကုမ္ပဏီပိုင်ရှင်အဖြစ်ဖြင့် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရန်ကုန်သို့ ပြောင်း၍ ရန်ကုန်တဖက်ကမ်း ခနောင်တို၌ ဆန်စက်တည်ကာ ဆန်ရောင်းဝယ်ရေး လုပ်သည်။ ဆန်ဈေးအတက်အကျ ခန့်မှန်းရာတွင် တိကျ မှန်ကန်လှသူ ဖြစ်သည်။ ဆန်အရောင်းအဝယ်ကို မလေးကျွန်းဆွယ်နှင့် စင်ကာပူသို့ သွားရောက် လုပ်ကိုင်ခဲ့ရာ ဆန်ဝိဇ္ဇာဟု ထင်ရှားခဲ့သည်။

သူဌေးကြီးဆာဦးသွင်သည် ကိုယ်ချင်းစာနာမှုအပြည့်အဝ ရှိသူဖြစ်သည်။ ဆာဦးသွင်ကဲ့သို့ ပေးကမ်းစွန့်ကြဲခြင်း ဘက်၌ ရက်ရောသူ၊ ကိုယ်ချင်းစာနာမှု အပြည့်အဝရှိသူ၊ နိုင်ငံအပေါ်ချစ်ခင်လေးစားသည့် စိတ်ဓာတ်ရှိသူ၊ ဘာသာတရားကို ကြည်ညိုလေးစားသူသည် ရှာမှရှား လေသည်။

၁၉၁၁ ခုနှစ်တွင် မြန်မာကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ၊ ၁၉၁၄ ခုနှစ်တွင် ဆန်စက်ငယ်များအသင်းဥက္ကဋ္ဌ၊ ၁၉၁၂-၁၅၊ ၁၉၃၃-၃၅၊ ၁၉၃၉-၄၇ တွင်

သူရိယသတင်းစာ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာအမျိုးသားများအာမခံကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ၊

၁၉၂၄-၃၉ တွင်ရန်ကုန်စည်ပင်သာယာအုပ်ချုပ်ရေး အဖွဲ့ဝင်၊

၁၉၃၅-၄၁ တွင် မြန်မာပြည်ဘိလပ်မြေကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်၊

၁၉၃၇ ခုနှစ်တွင် မြန်မာပြည်ဆိုင်ရာအိန္ဒိယသီးသန့်ဘဏ်လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင်၊

၁၉၄၅ ခုနှစ်မှစ၍ မြန်မာကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် နာယကတာဝန်များကို ထမ်းဆောင်ခဲ့သည်။ စီးပွားရေးလုပ်ငန်းများအတွက် ဥရောပနှင့် အာရှအရှေ့ပိုင်းနိုင်ငံများသို့အကြိမ်ကြိမ်သွားရောက်ခဲ့သည်။

၁၉ဝ၈ ခုနှစ်တွင် မြန်မာပြည်သဟာယအသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ကိုလိုနီခေတ်အုပ်ချုပ်ရေး ဝန်ထမ်းမြို့ပိုင်၊ နယ်ပိုင်တို့ကို ဖိနပ်ချွတ်ဦးချ အရိုအသေ ပေးရသည့် ဓလေ့စရိုက်ကို ဦးဆောင်တိုက်ဖျက်ခဲ့သည်။ အမျိုးသားရေးနှင့်ပတ်သက်ပြီး ပထမအကြိမ်ကျောင်းသားသပိတ်အပြီးတွင် ပေါ်ပေါက်ခဲ့သည့် အမျိုးသားပညာရေးအဖွဲ့၏ ဘဏ္ဍာတော်ထိန်းနှင့် အမျိုးသားနေ့ကျင်းပရေးကော်မတီ ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်တွင်အစိုးရနှင့်ကျောင်းသားများကြား နှစ်ဖက်တင်းမာမှုကို စေ့စပ်ဆွေးနွေးပေးခဲ့ သည်။ ထိုစဉ်ကပေါ်ပေါက်ခဲ့သော ကုလား-ဗမာအဓိကရုဏ်း အေးချမ်းရေးအတွက်လည်း ပါဝင်ခဲ့သည်။ အမျိုးသားတက္ကသိုလ်တည်ထောင်ရေးတွင်လည်း ငွေကြေးမတည်လှူဒါန်းခဲ့သည်။

၁၉၃၇ ခုနှစ်တွင် ဆဋ္ဌမမြောက် ဂျော့ဘုရင်၏ဘိသိက်ပွဲသို့ တက်ရောက်ရန် ပြည်သူများ၏ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခံရ၍ လန်ဒန်သို့သွားရောက်ခဲ့သည်။ ၁၉၃၇-၄၁ တွင် မြန်မာပြည်ဥပဒေပြုလွှတ်တော်အတွက် အထက်လွှတ်တော်အမတ်တဦးအဖြစ် ဘုရင်ခံ၏ ရွေးချယ်ခန့်အပ်ခြင်းခံရသည်။ ၁၉၄၁ ခုနှစ်တွင် ဗြိတိသျှအစိုးရ၏ 'ဆာဘွဲ့'ချီးမြှင့်ခံရသည်။ ဂျပန်ခေတ် (၁၉၄၃-၄၅)တွင် မြန်မာအစိုးရအတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ဆာဦးသွင်သည် ၁၉၄၆ ခုနှစ်တွင် ကန္ဒီစာချုပ်ချုပ်ဆိုရန် သီဟိုဠ် (သီရိလင်္ကာ)သို့ သွားရောက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို ခရီးစရိတ်ငွေတသောင်းလှူဒါန်းခဲ့သည်။

လူမှုရေးလုပ်ငန်းများအနေနှင့် ၁၉၄၈ ခုနှစ်တွင် မော်လမြိုင်အသင်းဥက္ကဋ္ဌ၊အစိုးရအမှုထမ်းများလာဘ်စားမှု စုံစမ်းရေးကော်မတီအဖွဲ့ဝင်၊ ၁၉၃၆ ခုနှစ်တွင် မြန်မာနိုင်ငံအဆုတ်ရောဂါနှင့်အနာကြီးရောဂါပပျောက်ရေး အသင်းကော်မတီအဖွဲ့ဝင်၊ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်စုံစမ်းရေးကော်မတီအဖွဲ့ဝင်၊ ၁၉၄၇ ခုနှစ် အမျိုးသားတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရန်ကုန်တက္ကသိုလ်ထောက်ပံ့ရေးအဖွဲ့ကော်မတီဝင်၊ ၁၉၅၅ ခုနှစ်တွင် မော်လမြိုင်မြို့မွန်အမျိုးသားအထက်တန်းကျောင်း တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်မြို့မမိန်းကလေးကျောင်း တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

သာသနာရေးလုပ်ငန်းများအဖြစ် ၁၉၁၈ ခုနှစ်မှစ၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ၁၉၃ဝ ပြည့်နှစ် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်ဖွင့်ပွဲ ဦးဆောင်ဥက္ကဋ္ဌ၊ ၁၉၄ဝ ပြည့်နှစ်တွင် အိန္ဒိယမဟာဗောဓိ အသင်းကြီး၏ ဒုတိယဥက္ကဋ္ဌ၊ ၁၉၄၇ ခုနှစ်တွင် ရွှေတိဂုံစေတီတော် စေတီယင်္ဂဏပရိယတ္တိသာသနာ့ဟိတ အသင်းဥက္ကဋ္ဌ၊ ၁၉၄၇ခုနှစ်တွင် ဗုဒ္ဓသာသနာ့နုဂ္ဂဟအဖွဲ့ဥက္ကဋ္ဌ ၊ ၁၉၄၈ ခုနှစ်မှစ၍ တိပိဋက ရွေးချယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ၁၉၅၁-၆ဝ တွင် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့ကောင်စီဥက္ကဋ္ဌ၊ ၁၉၅၂ ခုနှစ်တွင် ဆဋ္ဌသင်္ဂါယနာဖြစ် မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လွတ်လပ်ရေးခေတ်ဦးဗိုလ်တထောင်စေတီနှင့် ပဲခူးရွှေမော်ဓောစေတီပြန်လည် တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဦးသွင်သည် ၁၉၁၁ ခုနှစ်တွင် ရန်ကုန်မြို့ ဦးဖေ၊ ဒေါ်မိန်းကလေးတို့၏သမီး မသိန်းနှင့်လက်ထပ်သည်။ သမီးဒေါ်ခင်ခင်ကြီး (တရားလွှတ်တော်ဝန်ကြီး)အိုင်စီ အက်စ်ဦးစံမောင်ထွန်းကားသည်။၁၉၅ဝ ပြည့်နှစ်တွင် နိုင်ငံတော်အစိုးရက သတိုးသီရိသုဓမ္မဘွဲ့၊ ၁၉၅၅ ခုနှစ်တွင် ယိုးဒယားဘုရင်၏ Order of Crown  (ပထမဆင့်) ဘွဲ့တံဆိပ်များချီးမြှင့်ခံရသည်။ ဆာဦးသွင်သည် ၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။