ထူပါရုံကျောက်စာရုံ

Listing Description

ထူပါရုံကျောက်စာရုံသည် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ထူပါရုံစေတီတော်၏မြောက်ဘက် မဟာရံတံတိုင်းအတွင်းတွင် တည်ရှိသည်။ စေတီတော်ကိုအစွဲပြု၍ ထူပါရုံကျောက်စာရုံဟု အမည်တွင်ခဲ့ကြောင်း သိရသည်။ ဘိုးတော်ဘုရား (ဗဒုံမင်း)လက်ထက်တွင် နိုင်ငံတဝှမ်းလုံးရှိ မင်းပိုင်မြေနှင့် သာသနာပိုင်မြေများအား ခွဲခြားမှတ်တမ်းတင်နိုင်စေရေးအတွက် တစ်နိုင်ငံလုံးရှိကျောက်စာများကို စာရင်းကောက်ယူပြုစုစေရန် တွင်းသင်းတိုက်ဝန် မဟာစည်သူဦးထွန်းညိုအား တာဝန်ပေးအပ်ခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ကျောက်စာများကို သယ်ယူခဲ့ကြပြီး မန္တလေးနန်းတွင်း ကျောက်စာရုံး (၁) နှင့် (၂) တို့၌ ထားရှိခဲ့သည်။ ထိုသို့သယ်ယူရာတွင် အချို့မသယ်ဆောင်နိုင်သောကျောက်စာများကို လမ်းခရီးတွင် ထားရစ်ခဲ့ကြသည်။ အချို့ကျောက်စာများကို တစ်နေရာတွင် စုပုံထားခဲ့သည်များလည်း ရှိခဲ့ပါသည်။ စုပုံထားသော ကျောက်စာများကို ရှေးဟောင်းသုတေသနဌာနမှ ဒေသအလိုက် ကျောက်စာရုံများ တည်ဆောက်၍ ထိန်းသိမ်းခဲ့သည်။ ထူပါရုံကျောက်စာရုံရှိ ကျောက်စာများသည် ပုဂံ၊ ပင်းယ၊ အင်းဝ စသောခေတ်ကာလ (သက္ကရာဇ် ၅၃၃ ခုနှစ်မှ ၁၁၄၆ ခုနှစ်) အတွင်း ကျောက်စာများဖြစ်ပြီး ကျောက်စာချပ်ရေ ၇၁ ချပ်ထိန်းသိမ်းထားရှိပါသည်။ ထိုကျောက်စာချပ်များထဲတွင် ထူးခြားသည့် ကျောက်စာမှာ မင်းကြီးစွာနှင့် မိဖုရားခေါင်ကြီးတို့မှ လှူဒါန်းသည့် ရတနာစေတီကျောင်းကျောက်စာဖြစ်သည်။ ထိုရတနာစေတီကျောင်း ကျောက်စာချပ်သည် အစောဆုံးသောလေးလုံးစပ်မော်ကွန်းကျောက်စာဖြစ်ပြီး ပထမအင်းဝခေတ် မင်းခေါင်လက်ထက် နိုင်ငံတော်မတည်ငြိမ်သောအချိန်၌ သီဟသူ၏မြေးတော် ရမည်းသင်းစား သီလဝသည် နိုင်ငံတော်ကို ပြန်လည်တည်ငြိမ်အောင် ဆောင်ရွက်ပြီး ဘုရားတည်၊ ကျောင်းဆောက်၊ ဝတ္ထုကံမြေလှူဒါန်းခြင်း စသည်တို့ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးသားထားသည်ကို တွေ့မြင်နိုင်ပါသည်။ စစ်ကိုင်းထူပါရုံကျောက်စာရုံကို စစ်ကိုင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး အများပြည်သူများ လွတ်လပ်စွာ ဝင်ရောက်လေ့လာနိုင်ပါသည်။