ဗူးဘုရား

Listing Description

ဗူးဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ရိုးအနောက်မြောက်ထောင့်အနီး ဧရာဝတီမြစ်ကမ်းနဖူး၌ တည်ရှိပြီး  မြစ်ကမ်းစပ်တွင် ခရုပတ်သဖွယ် စိန်တန်းနှစ်သွယ်နှင့် တည်ဆောက်ထားပါသည်။ အေဒီသုံးရာစုတွင် ပျူစောထီးမင်း တည်ထားကိုးကွယ်ခဲ့သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်ကြပါသည်။ ဗူးဘုရား၏ ပုံသဏ္ဌာန်မှာ ပျူခေတ်တွင် တည်ထားလေ့ရှိသော အဆင်တန်ဆာမပါစေတီ အမျိုးအစားတစ်ဆူ ဖြစ်ပါသည်။ စေတီတော်ကိန်းဝပ်ရာ ကျောက်စိုင်မှာ ဗူးသီးပုံသဏ္ဌာန်ရှိသည်ဟု မှတ်ယူကြသည်။ ဗူးဘုရားသည် ဧရာဝတီ မြစ်ကမ်းတွင် တည်ထားသဖြင့် မြစ်ရေ တိုက်စားမှုဒဏ်ကိုခံခဲ့ရသည်။ ၁၉၇၅ ပုဂံငလျင်ဒဏ်ကြောင့် စေတီတစ်ခုလုံး ဧရာဝတီ မြစ်အတွင်း ပြိုကျခဲ့သည်။ သို့ဖြစ်၍ ပြန်လည်တည်ဆောက်ရန် အောက်ခြေအုတ်မြတ်ကို တူးဖော်ခဲ့ရာ အနက် ၁၆ ပေတွင် မဟာယာနဆိုင်ရာ ဘုရားလောင်း အဝလောကိတေသွာရနတ်ရုပ်အချို့နှင့် လက်နှစ်ဖက်ဖြန့်ကာထားသော အဘယမုဒြာဟန်ပါသော ရုပ်ပွားဆင်းတုအုတ်ခွက်အချို့ရရှိ၍ ယခုအခါ ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ပြသထားရှိပါသည်။ အဆိုပါ အုတ်ခွက်ဘုရားနှင့် နတ်ရုပ်များမှာ ပျူခေတ်လက်ရာများ ဖြစ်ပါသည်။ ယခုဖူးတွေ့ရသော ဗူးဘုရား သည် ၁၉၇၆-၇၈ ခုနှစ် အတွင်း အသစ်ပြန်လည် တည်ထား ကိုးကွယ်သည့် ဘုရားဖြစ်ပါသည်။