လားရှိုးရေပူစမ်း

Listing Description

လားရှိုးရေပူစမ်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ ၄ မိုင်ခန့်အကွာ၊ လားရှိုး-သိန္နီလမ်း ယာဘက် ၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ရေပူစမ်းကို ၁၉၆၃ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပါသည်။ ရေပူစမ်း၏ ပင်မကန်အပူချိန်မှာ ၅၂ ဒီဂရီစင်တီဂရိတ်ရှိပြီး ရေပူစိမ်ခြင်းဖြင့် ကိုယ်ခန္ဒာပေါ့ပါးလန်းဆန်းစေခြင်း၊ သတိမေ့ရောဂါများလျှော့ချပေးခြင်း၊ အသားအရေလှပချောမွတ်စေခြင်း၊ သွေးလည်ပတ်မှုစနစ်ကို တိုးမြှင့်ပေးခြင်းနှင့် အရေပြားရောဂါများပျောက်ကင်းစေခြင်း စသော အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ လားရှိုးရေပူစမ်းမှ ရေပူတို့သည် အထက်မှစီးဆင်းလာသည်မဟုတ်ဘဲ အောက်မှစိမ့်ထွက်နေခြင်းဖြစ်ပြီး ချောင်းအဖြစ် အောက်ပိုင်းသို့ ဆက်လက်စီးဆင်းသွားပါသည်။ ရေပူကန်၏ တစ်ဝက်လောက်တွင် တံတားတစ်စင်း တည်ဆောက်ထားပြီး ထိုတံတားပေါ်မှကြည့်လျှင် ရေပူစမ်း၏ အလှကိုတွေ့မြင်ခံစားနိုင်သည်။ လားရှိုးရေပူစမ်းသည် ဧရိယာ အတော်အသင့်ကျယ်ဝန်းကာ စားသောက်ဆိုင်များလည်းအများအပြားရှိပြီး လာရောက်အပန်းဖြေလည်ပတ်သူများနှင့် စည်ကားလျက်ရှိသော လားရှိုးမြို့ရှိ ထင်ရှားသည့် ရေပူစမ်းတစ်ခုဖြစ်ပါသည်။