လင်းနို့ဂူသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးစခန်းနှင့် အပန်းဖြေစခန်း

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအနီး မိုင်တိုင် အမှတ် ၆၅၊ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာကား လမ်းမကြီး အရှေ့ဘက် ၅ မိုင် ၂ ဖာလုံခန့်တွင် တည်ရှိပြီး ကန့်ဘလူမြို့မှ ၄၅ မိုင်၊ ရွှေဘိုမြို့မှ မိုင် ၇၀ ကွာဝေးသည်။ လင်းနို့များနေထိုင်ရာ ဂူသည် မင်းဝံတောင်တန်း ပေါ်ရှိ ပေ ၂၂၉၀ အမြင့်ရှိသော ဇင်းတောင်မကြီး၏တောင်ကြော ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၆၈၉ ပေ၌ တည်ရှိပြီး ပတ်ဝန်းကျင်ရှိ တောင်ကုန်းတောင်တန်းများထက် သိသာထင်ရှားစွာ တည်ရှိခြင်းနှင့် သဘာဝ ထုံးကျောက်နံရံများ၊ ထုံးကျောက်လိုဏ်ဂူများ တည်ရှိနေခြင်းဖြစ်သည်။ ရေမြေတောတောင် အလှအပများကို နိုင်ငံတကာခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ ပိုမိုသိရှိလေ့လာ အပန်းဖြေနိုင်ရန် ရည်ရွယ်လျက် လင်းနို့ဂူ သဘာဝ ဝန်းကျင်ဆိုင်ရာ ပညာပေးစခန်းနှင့် အပန်းဖြေ ဥယျာဉ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ မင်းဝံတောင်တန်းတွင် သဘာဝပေါက်ပင် မျိုးစုံပေါက်ရောက်ပြီး တောအမျိုးအစားအနေဖြင့် အထက်ရွက်ပြတ်ရောနှောတောနှင့် အင်တိုင်းတောများဖြစ်ကာ တောရိုင်းတိရစ္ဆာန် ဇီဝမျိုးစုံ မျိုးကွဲ များလည်းနေထိုင်ကျက်စားလျက်ရှိသည်။ လင်းနို့လိုဏ်ဂူများတွင် လင်းနို့ကောင်ရေ သန်းနှင့်ချီ နေထိုင်ပြီး လင်းနို့များ အစာရှာချိန်တွင် လိုဏ်ဂူများအတွင်းမှ အုပ်စုဖွဲ့ ပျံသန်းထွက်ခွာမှုကို ဆည်းဆာအလှနှင့်အတူ ကြည့်ရှုနိုင်ပါသည်။ ဇင်းတောင်မကြီးတွင် သစ်မျိုးစုံ စုံလင်စွာပေါက်ရောက်ပြီး တောဆင်ရိုင်းအပါအဝင် ဇီဝမျိုးစုံ မျိုးကွဲများကို တွေ့မြင်လေ့လာနိုင်ပါသည်။