ကျောက်ပန်းတောင်းမြို့နယ်မှ အင်းဝခေတ်လက်ရာရှေးဟောင်းဘုရားစေတီများပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက်ရှိ

Listing Description

ကျောက်ပန်းတောင်း ဇန်နဝါရီ  ၁၃

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်း တောင်းမြို့နယ် ရေဆုံးကျေးရွာရှိ အင်းဝခေတ်လက်ရာ ရှေးဟောင်းဘုရား စေတီများမှာ ပြိုကျပျက်စီးမှုများကြောင့် အချို့ဘုရားစေတီများကို ရှေးဟောင်း သုတေသန (ပုဂံဌာနခွဲ)မှ  ရှေးမူ အတိုင်း ပြန်လည်ပြုပြင်နေသည်များ ရှိသကဲ့သို့  အလှူရှင်များ၏ လှူဒါန်း မှုဖြင့် ပြန်လည်ပြုပြင်နေသည်များရှိ သော်လည်း ယခုအထိ ဘုရားစေတီ အဆူ ၅၀ ခန့် ပြုပြင်ရန် ကျန်ရှိနေသေး ကြောင်း သိရသည်။

“ဒီဘုရားတွေရဲ့ အုတ်ချပ်အနေ အထားတွေနဲ့ ဘုရားတည်ဆောက်ပုံ တွေကိုကြည့်ပြီး ရှေးဟောင်းသုတေသန ဦးစီးဌာန တာဝန်ရှိသူတွေက အင်းဝခေတ်ကတည်ခဲ့တဲ့ စေတီတွေလို့ ပြောပါတယ်။ ဒီဘုရားတွေရဲ့သမိုင်းနဲ့ အင်းဝခေတ်မှာ ဘုရားစေတီတွေ ဒီလောက်များများနဲ့ တစုတဝေးတည်း  ဒီနေရာမှာ ဘာလို့တည်ခဲ့ကြသလဲ ဆိုတာကိုတော့ ပြန်ပြောပြနိုင်တဲ့ သူမရှိဘူး။ အခုလို ပြန်ပြင်နေတာလည်း ရှေးဟောင်းသုတေသန ဦးစီးဌာန ကြီးကြပ်မှုနဲ့ ရှေးမူမပျက်အောင် ပြန်လည် ပြုပြင်နေကြတာပါ။

ရှေးဟောင်းသုတေသန(ပုဂံဌာနခွဲ)က ပန်းရန်ပညာရှင်သုံးဦးနဲ့ ဒေသခံ ပန်းရန်ဆရာသုံးဦးပေါင်းပြီး အခု ဒီဘုရား အမှတ် (၆၉) ကို ပြင်ဆင်နေတာပါ။”ဟု ရေဆုံးကျေးရွာ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးဝင်းဘိုက   ပြော သည်။

ရေဆုံးကျေးရွာတွင် ရှေးဟောင်း ဘုရားပေါင်း ၉၄ ဆူရှိကြောင်း သိရပြီး ရေဆုံးကျေးရွာ နိဗ္ဗာန်ကျောင်း ဆရာတော် ဘဒ္ဒန္တတိလောကက အကျိုးတော်ဆောင်၍ အများစုပေါင်း လှူဒါန်းငွေ၊ သီးခြားအလှူရှင်များ၏ မတည်ငွေများဖြင့် ဘုရားစေတီ ၂၄ ဆူ ပြင်ဆင်နိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံတော် ပံ့ပိုးမှုဖြင့် ပြန်ပြင်ခဲ့သည့် ဘုရားစေတီ ၂၁ ဆူ ရှိခဲ့ပြီး ယခုအချိန်ထိ ဘုရားစေတီ စုစုပေါင်း ၄၅ ဆူ ပြုပြင်ပြီးဖြစ်ကြောင်း သိရသည်။

“ပြုပြင်တယ်   ဆိုပေမယ့်လည်း ရှေးမူ/ ရှေးပုံစံ   ပျောက်ပျက်မသွားအောင် အက်တဲ့ဟတဲ့နေရာတွေမှာ အုတ်ချပ် အစားထိုးပြီး ဖာထေးရုံလောက်ပဲ လုပ်တာပါ။ တစ်ခုလုံးပြန်ပြင်တာတော့ မဟုတ်ပါဘူး။   တချို့ဆို လုံးဝကို အုတ်ပုံနီးပါးဖြစ်နေတာပါ။ အဲဒါကိုမှ အင်းဝခေတ်စေတီပုံတွေ၊ ဓာတ်ပုံ အထောက်အထားတွေနဲ့ ပုလ္လင်တော်ပုံတွေကို တိုက်ဆိုင်ပြီး အနီးစပ်ဆုံး ဖြစ်အောင်ပဲ ပြန်ပြီးတည်နိုင်တာပါ။ ရှေးဟောင်းဘုရားဆိုတော့လည်း ရှေးမူ ကို အဓိကထားကြတာလေ။ အလှူရှင် တွေက ပြင်ချင်တယ်ဆိုရင်လည်း  ရှေး ဟောင်းသုတေသနဦးစီးဌာနကို တင်ပြ ပြီးတော့ ခွင့်ပြုချက်ရမှ  ပြုပြင်ရတာ ပါ။” ဟု ရေဆုံးကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးကျော်ဝင်းက ပြောသည်။

ယင်းရှေးဟောင်း ဘုရားများကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ဇေတဝန်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒ န္တပညာသာရ က ဦးစီးလှူဒါန်းမှုဖြင့် ဘုရားအမှတ် (၆၆)၊ (၆၉) တို့ကို ပြင်ဆင်နေခြင်းဖြစ်ပြီး ဘုရားအမှတ်(၇၀)၊ (၉၀)၊ (၉၁)၊ (၁)နှင့် (၂၈) တို့ကို    ရေဆုံးကျေးရွာ  နိဗ္ဗာန် ကျောင်းတိုက်ဆရာတော်     ဘဒ္ဒန္တ တိလောကက   ဦးစီးဦးဆောင်ပြု၍ ပြင်ဆင်ခဲ့ကြောင်း သိရသည်။ အများ ကောင်းမှုဖြင့် စေတီပေါင်း  ၂၄ ဆူ ပြင်ဆင်ခဲ့ပြီး  ရှေးဟောင်းသုတေသန ဦးစီးဌာန (ပုဂံဌာနခွဲ)ကလည်း နိုင်ငံတော်ပံ့ပိုးမှုဖြင့် ဘုရား ၂၁ ဆူ ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ လက်ရှိ အချိန်အထိ စုစုပေါင်းပြင်ဆင်ပြီး ဘုရားစေတီ ၄၅ ဆူရှိပြီး ပြင်ဆင်ဆဲ ဘုရားစေတီ နှစ်ဆူရှိ၍  ပြင်ဆင်ရန် ကျန်ရှိနေသော စေတီပျက် စုစုပေါင်းမှာ  ၄၈ ဆူ  ရှိသေးကြောင်း၊  အလှူငွေ အခက်အခဲကြောင့် ရပ်တန့်ထား ရကြောင်း  ရပ်မိရပ်ဖဖြစ်သူ  ဦးဝင်းဘို က ပြောသည်။

ကိုနေ(ကျောက်ပန်းတောင်း)