စံရတီမိုးမြင့်

Listing Description

စံရတီမိုးမြင့်ကို ဓာတ်ပုံဆရာ ဦးအောင်မြင့်နှင့် ဒေါ်ခင်မိုးသူတို့မှ ၁၉၉၄ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း သဲသဲအောင်ဖြစ်သည်။ မွေးချင်းလေးယောက်ရှိသည့်အနက် ဒုတိယမြောက်သမီးဖြစ်သည်။ ၈တန်းနှစ်အထိ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၊ ဒဂုံတွင် တက်ရောက်ခဲ့ပြီး ၉ တန်းနှင့် တက္ကသိုလ်ဝင်တန်းကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံတွင် တက်ရောက်သင်ကြားခဲ့သည်။ ဒဂုံတက္ကသိုလ်တွင် အင်္ဂလိပ်မေဂျာဖြင့် တက်ရောက်သင်ယူခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ဂျွန်လင်မော်ဒယ်လေ့ကျင့်ရေးသင်တန်း တက်ရောက်ခဲ့သည်။ Idea မဂ္ဂဇင်း မျက်နှာဖုံးတွင် ပထမဆုံး ပါဝင်ခဲ့ပြီးနောက် ပြည်တွင်း မဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံများစွာပါဝင် သရုပ်ဆောင်ခဲ့သည်။ ထို့နောက် စီးပွားရေးကြော်ငြာများ လက်ခံရိုက်ကူးခဲ့ပြီး ရုပ်ရှင်လုပ်ငန်းများမှ ရုပ်ရှင်သရုပ်ဆောင်ရန် ကမ်းလှမ်းမှုများ ရှိလာခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ပထမဦးဆုံး ပွဲဦးထွက်ဇာတ်ကားအဖြစ် “သိမ်မွေ့သောလမင်း နက်ရှိုင်းသောပင်လယ်” ဇာတ်ကားတွင် အောင်ရဲလင်း၊ စိုးမြတ်နန္ဒာတို့နှင့်တွဲဖက်၍ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ချစ်ချက်က 9 လောက်ရှိတယ်၊ ပွင့်တာအပြစ်လား၊ ဝါးတီးကုတ်၊ တောက်တောက်ကျော် စသည့် ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် “ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား” ရုပ်ရှင်ဇာတ်ကားကြီးတွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် “သုံးယောက်ပေါင်းလောင်းကျော်”၊ “ကိုပေါ” စသည့် ရုပ်ရှင်ဇာတ်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ လက်ရှိအချိန်ထိ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၂၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ထားသည်။