ရွှေရောင်တော်စေတီတော်

Listing Description

ရွှေရောင်တော်စေတီတော်သည် တောင်တွင်းကြီးမြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာ ဗိဿနိုးမြို့ဟောင်းအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူဖြစ်ပါသည်။ ပန်ထွာမင်းသမီးက သာသနာနှစ် ၁၁၂ ခုနှစ်တွင် မြို့ဦးစေတီအဖြစ် တည်ထားခဲ့သည်ဟု ဆိုပါသည်။ ထိုစေတီကို တောင်တွင်းကြီး မင်းပြောင်က ထပ်မံပြုပြင်ခဲ့သည်။ သက္ကရာဇ် ၆၄၀ ပြည့်နှစ်တွင် တောင်တွင်းကြီးမြို့ကို တည်ထောင်သော သီဟပတေ့မင်းသည် ရွှေရောင်တော်စေတီကို ဖူးမြော်ကြည်ညို၍ သက္ကရာဇ် ၆၅၈ ခုနှစ်၌ ကြက်ဆူတောရွာ၊ ဆူးပန်းရွာ၊ သားတိုးထမ်းရွာ၊ အင်းရွာ၊ အိုးထိန်းတောင်ရွာတို့ကို ဘုရားဝတ်မြေဆီခွန် ကောက်ခံရန် လှူဒါန်းခဲ့ပါသည်။ ရတနပူရ တတိယမြို့တည် ဆင်ဖြူရှင်မင်းလက်ထက်တွင် စေတီတော်၏ ဌာပနာများကို ဆိုးသွမ်းသူတို့က ဖောက်ယူခဲ့ကြသဖြင့် စေတီတော်၏ အနောက်မြောက်ယွန်းတွင် တောရဆောက်တည်နေတော်မူသည့် ပညာသီရိသဒ္ဓမ္မဓဇ မဟာရာဇဂုရု ဆရာတော်သည် ပြုပြင်မွမ်းမံခဲ့သည်။ စေတီတော်သည် ဉာဏ်တော် အတောင် ၈၀၊ ဖိနပ်တော် ၂၀၁ တောင်၊ ထီးအဝ ၆ တောင် ၁ မိုက်၊ ထီးအမြင့် ၂၀ တောင် ရှိပါသည်။