ကြတ်ဂူ

Listing Description

ကြတ်ဂူသည် ကယားပြည်နယ် လွိုင်ကော်မြို့၏အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ ပါလောင်းကျေးရွာ အနီးတည်ရှိပါသည်။ ဂူပေါက်ဝသည် တောင်ခြေမှ အမြင့်ပေ ၁၂၀ ၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၉၀ တွင်ရှိသဖြင့် ဂူရှိသည့်တောင်ပေါ်သို့တက်ရန် အုတ်လှေကားထစ်များ ပြုလုပ်၍ လက်ရန်းများတပ်ဆင်ထားရှိပါသည်။ ကြတ်ဂူရှိသည့်တောင်ကို ဒေသခံများက ကယားဘာသာစကားဖြင့် ရာစုကူဟု ခေါ်ဆိုခဲ့ကြပါသည်။ ဂူအရှည်မှာ ပေ ၁၀၀၀ ကျော်ခန့်ရှည်လျားပြီး အတွင်းပိုင်းတဖြည်းဖြည်းကျဉ်းမြောင်းလာသော တစ်ဖက်ပိတ်ဂူ အမျိုးအစားဖြစ်ပါသည်။ ကြတ်ဂူသည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် တည်ရှိနေသောဂူဟု ဆိုကြပြီး သစ်တစ်လုံးတည်းကို ထွင်းထားသော အရှည်ဆုံး ၁၅ပေ၊ အတိုဆုံး ၂ပေခန့်ရှိသော သစ်ထွင်းလုံးကြီးများ(တချို့ကခေါင်းတလားကြီးများဟုခေါ်ကြသည်)မှာ ပေ ၂၀၊ ပေ ၃၀ ခန့်မြင့်သော ဂူမျက်နှာကျက်ပေါ်တွင် မည်သည့်ခေတ်မှ မည်သည့်လူမျိုးစုများ တင်ထားခဲ့သည်ကို ယနေ့ခေတ်တိုင် အဖြေရှာမရပါ။ ကြတ်ဂူသည် ပဟေဠိများဖြင့် ပြည့်နှက်နေပြီး ခရီးသွားများကိုစွဲဆောင်လျက်ရှိသည့် ကယားပြည်နယ်ရှိ ဂူတစ်ဂူပင်ဖြစ်သည်။