သီပေါမင်း၏စတုတ္ထသမီးတော်ပြသာဒ်ဂူ

Listing Description

သီပေါမင်း၏ စတုတ္ထသမီးတော် အရှင်ထိပ်စုမြတ်ဖုရားလေး၏ ပြသာဒ်ဂူသည် မော်လမြိုင်မြို့ ကျိုက်သလ္လံဘုရားလမ်း ကျိုက်သလ္လံစေတီအနီး သုဓမ္မာရာမ သီလရှင်စာသင်တိုက်ရှေ့တွင် တည်ရှိသည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့၏ အငယ်ဆုံးသမီးဖြစ်ပြီး အိန္ဒိယနိုင်ငံ ရတနာဂီရိ၌ ခရစ်နှစ် ၁၈၈၇ ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သီပေါမင်း နတ်ရွာစံပြီးနောက် ၁၉၁၉ ခုနှစ်တွင် မယ်တော်စုဖုရားလတ်၊ ပထမသမီးတော်၊ တတိယသမီးတော်တို့နှင့်အတူ ရတနာဂီရိမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ရန်ကုန်မြို့တွင် နေထိုင်ခဲ့သည်။ ၁၉၂၀ ခုနှစ်တွင် ဦးကိုကိုနိုင်နှင့် လက်ထပ်ခဲ့သည်။ ရန်ကုန်မြို့တွင်ရှိနေစဉ် အင်္ဂလိပ်အစိုးရ၏ လုပ်ရပ်များကို မကျေနပ်သဖြင့် မြန်မာပြည်ဘုရင်ခံနှင့် ပြည်ပအစိုးရများထံ စာများရေးသားပေးပို့ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မယ်တော်စုဖုရားလတ် နတ်ရွာစံပြီးနောက် စတုတ္ထသမီးတော်သည် မြနန်းစံကျော်ရွှေနန်းတော်ရှိရာ မန္တလေးမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မန္တလေးမြို့တွင် နေထိုင်စဉ် ခမည်းတော်ပိုင်ဆိုင်ခဲ့သည့် ထီးနန်းကို ပြန်လည်တောင်းခံခြင်း၊ နန်းစဉ်ရတနာများကို တိကျသော စာရင်းဇယားများဖြင့် ပြန်လည်တောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး "စတုတ္ထသမီးတော်၏အရေးတော်ပုံစာတမ်း"ကို ရေးသားခဲ့သည်။ ထိုစာတမ်းကို ပဉ္စမမြောက် ဂျော့ဘုရင်ထံ တိုက်ရိုက်ပေးပို့ခြင်း၊ နိုင်ငံတကာအစိုးရများသို့ပေးပို့ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများသို့ ပေးပို့ခြင်းများပြုလုပ်ခဲ့သဖြင့် အင်္ဂလိပ်တို့က သူပုန်မင်းသမီးဟုသတ်မှတ်ပြီး မော်လမြိုင်မြို့သို့ နယ်နင်ခဲ့သည်။ မြန်မာနောက်ဆုံးဘုရင်၏ သမီးတော်လေးပါးအနက် နယ်ချဲ့ကိုအများဆုံး ဝေဖန်ဆန့်ကျင်တော်လှန်ခဲ့သူ စတုတ္ထသမီးတော်သည် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်ရှိ စံအိမ်တော်တွင် ငါးနှစ်ခန့် နေထိုင်ခဲ့သည်။ နှစ်ဧကခွဲနီးပါးကျယ်ဝန်းသော သူမနေထိုင်ခဲ့သည့် အိမ်တော်နှင့်ခြံဝန်းသည် ယခုအခါ မော်လမြိုင်မြို့၊ အမှတ် (၈) အခြေခံပညာအလယ်တန်းကျောင်းအဖြစ် ဖွင့်လှစ်ထားပါသည်။ စတုတ္ထသမီးတော်သည် ၁၉၃၆ မတ်လ ၃ ရက်နေ့ သက်တော် ၄၉ နှစ်တွင် မော်လမြိုင်မြို့ရှိ သူမ၏စံအိမ်တော်၌ပင် ကံတော်ကုန်ခဲ့ပါသည်။