လွိုင်ကော်မြို့နယ်ရှိ ဝမ်ငေါ့ရေတံခွန်နှင့် ထီးရိုးဆေးဝိဇ္ဇာတောင်တော်ကို ခရီးစဉ်ဒေသအသစ်အဖြစ် ဖော်ဆောင်မည်

Listing Description

လွိုင်ကော် ဇန်နဝါရီ  ၂၀

လွိုင်ကော်မြို့နယ်ရှိ ဝမ်ငေါ့ရေတံခွန်နှင့် ထီးရိုးဆေးဝိဇ္ဇာတောင်တော်တို့ကို လည်ပတ်လေ့လာနိုင်မည့် ခရီးစဉ်ဒေသ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာ၀န်ခံ ဦးလင်းဇော်ထွဋ်က ပြောကြားသည်။

“သဘာဝရှုခင်းတွေလည်း လှပတယ်။ ထီးရိုးဆေးဝိဇ္ဇာ ‌တောင်မှာဆိုရင် လိုဏ်ဂူတစ်ခုလည်းရှိပါတယ်။ သဘာဝကျောက်စက်ပန်းဆွဲတွေလည်းရှိတော့ ကျွန်တော်တို့ကွင်း ဆင်းကြည့်တဲ့အခါ နိုင်ငံခြားသား တွေလည်း အကြိုက်တွေ့ မယ့် နေရာတစ်ခုဖြစ်ပါတယ်။ ဒီပေါ်ကနေကြည့်လိုက်လို့ရှိ ရင် လောပိတနဲ့ မဝေးတဲ့အတွက်ကြောင့် ခရီးစဉ်ဒေသ တစ်ခုကို ဖော်ယူတဲ့အချိန်မှာ ခရီးစဉ်ဒေသတစ်ခုနဲ့တစ်ခု ဆက်စပ်ဖို့လိုပါတယ်။ အခုဆို ဒီဘက်ကိုလာလို့ရှိရင် လောပိတကိုလာတယ်၊ ပြီးရင်ပြန်သွားကြတယ်။ ဒါနဲ့တင် မနက်ပိုင်းတစ်ပိုင်း ပြီးသွားတယ်ပေါ့။ ကျွန်တော်တို့က ဘာပြောပြော ကယားပြည်နယ်ကို လာတယ်ဆိုလို့ရှိရင် ရက်ကြာကြာနေဖို့ ရည်ရွယ်ချက်ပေါ့နော်။ ရက်ကြာကြာ နေမှ ခရီးသည်တွေက များများသုံးမယ်။ ဒါဆိုရင် ပြည်နယ်အတွက် လူမှုစီးပွားဘဝ ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။ လောပိတရေတံခွန်ကိုသွားပြီးတာနဲ့ ထီးရိုးဆေးဝိဇ္ဇာတောင်ဘက်ကို ဆက်လာမယ်ဆိုရင် နေ့တစ်ပိုင်းလောက် ကုန်သွားမယ်။ အေးအေးဆေးဆေးတစ်ရက်လောက် နေမယ်ဆိုရင်လည်း ဆရာတော်ကြီး မိန့်မှာတဲ့အတိုင်းပဲ ဒီပေါ်မှာ အဓိဋ္ဌာန် လည်းဝင်လို့ရတယ်။ ဒီပေါ်မှာ ဆရာတော်ကြီး ပြောသလိုပဲ ထူးဆန်းတာတွေ အများကြီးရှိပါတယ်”  ဟု  ဦးလင်းဇော် ထွဋ်က ပြောကြားသည်။

အဆိုပါ ခရီးစဉ် ဖော်ဆောင်နိုင်ရေးအတွက် ကယား ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင် များ၊ လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီ (DMO) အဖွဲ့ဝင်များနှင့်  ဟိုတယ်လုပ်ငန်းရှင်များအသင်း (ကယားဇုန်)တို့ ပူးပေါင်းပြီး  ကွင်းဆင်းလေ့လာခဲ့ကြခြင်း ဖြစ်သည်။

ကယားပြည်နယ်တွင် သဘာဝရှုခင်း နေရာအများအပြား ရှိသဖြင့် ခရီးစဉ်ဒေသအသစ် ထပ်မံဖော်ထုတ်နိုင်ရေး အတွက်  ကွင်းဆင်းလေ့လာကြခြင်းဖြစ်ကြောင်း၊  ခရီးစဉ် ဒေသအသစ် ဖော်ထုတ်မှုအောင်မြင်ပါက ဒေသခံပြည်သူ များအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ကြ ခြင်းဖြစ်ကြောင်း သိရသည်။

ကိုစိုင်း(လွိုင်ကော်)