လွိုင်ကော်မြို့နယ်အတွင်းရှိ အိုင်စန့်ကျေးရွာ (လီဆူကျေးရွာ) ကို ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်မည်

Listing Description

လွိုင်ကော် ဇန်နဝါရီ ၃

ကယားပြည်နယ်တွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရန်အတွက် ကယားပြည်နယ်ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန လွိုင်ကော်ရုံးနှင့် လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီတို့သည် လွိုင်ကော်မြို့နယ်အတွင်းရှိ အိုင်စန့်ကျေးရွာ (လီဆူကျေးရွာ) သို့ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ ကယားပြည်နယ်မှာ ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်းလေးခုကို ဖော်ဆောင်ပေးထားပြီး ဖြစ်ပါတယ်။ အဲဒါတွေကတော့ ပန်ပက်ကျေးရွာ (ကယန်းရွာ)၊ တနီးလာလဲ (ကယားရွာ)၊ ဒေါတမကြီး (ကယားရွာ)နဲ့ ထေခို (ကယောရွာ) တို့ပဲ ဖြစ်ပါတယ်။ အခု အိုင်စန့်ကျေးရွာမှာရှိတဲ့ လီဆူလူမျိုးတွေဟာ ရိုးရာမပျက် နေထိုင်နေတဲ့အတွက်ကြောင့်နဲ့ ကယားပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေဖြစ်တဲ့ အတွက်ကြောင့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ဖို့ ကွင်းဆင်းလေ့လာရခြင်း ဖြစ်ပါတယ်။

အခုလိုခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်ပေးခြင်းအားဖြင့် ကျေးရွာမှာရှိတဲ့လူထု တွေ လူမှုစီးပွားတိုးတက်လာမယ်။ လမ်းတွေ၊ မီးတွေ၊ ရေတွေ အဆင်ပြေလာမယ်။ ပြည်နယ်အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ နောက်ပြီး လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအနေနဲ့လည်း ကယားပြည်နယ်မှာရှိတဲ့ လီဆူလူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန လွိုင်ကော်ရုံး ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောသည်။

“ဆက်လက်ပြီး ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းတွေ ဖော်ဆောင်ပေးသွား မှာကတော့ ရှားတောမြို့နယ်မှာဆိုရင် ရေပူစမ်းနဲ့ ကယားရိုးရာယဉ်ကျေးမှုတွေ၊ ရွာသစ်မြို့နယ် မှာဆိုရင် နှစ်ပေါင်း ၁၅၀ ကျော်ရှိတဲ့ ညောင်ကိုင်းဘုန်းကြီး ကျောင်းနဲ့ ရှမ်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေ၊ ကွမ်ငံကျေးရွာမှာရှိတဲ့ ယင်းဘော် လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုတွေကိုလည်း ဖော်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)