ရုပ်စုံစေတီ

Listing Description

တွံတေးမြို့နယ်အတွင်းရှိ ရှေးဟောင်းစေတီတော်တစ်ဆူဖြစ်သည့် ရုပ်စုံစေတီသည် တွံတေးမြို့၊ ကျွန်းတောရပ်ကွက်၊ ၅ လမ်းရှိ ဘုရားကုန်းပေါ်တွင် တည်ရှိသည်။ ရုပ်စုံစေတီသည် ဂဝံစေတီ ဖြစ်ခဲ့ဟန်ရှိကာ စေတီတော်အောက်ခြေပတ်လည်တွင် မြေမီးဖုတ်ရုပ်ကြွ များကို ကပ်ထားခဲ့ရာ ယခုအချိန် တွင် ၂၉ ခုကျန်ရှိသဖြင့် ယင်းတို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားသည်။

ရုပ်စုံစေတီကို တွံတေးကုန်းရိုးတန်းဒေသတွင် တည်ထားခဲ့ကာ လက်ရှိဖူးတွေ့နေရသည့် ရုပ်စုံစေတီတွင် ခေတ်ဟောင်းနှင့် ခေတ်သစ်လက်ရာ နှစ်မျိုးကို မြင်တွေ့နေရသည်။ ခေတ်ဟောင်းလက်ရာဖြစ်သည့် စေတီ၏ မူလဖိနပ်တော်သည် ၁၅ ပေခန့် ကျန်ရှိနေသေးသော်လည်း ဗိသုကာလက်ရာများကိုမူ အပြည့်အစုံ မမြင်တွေ့ရတော့ပါချေ။

စေတီတော်တည်ရာတွင် အသုံးပြုခဲ့သည် ဂဝံအုတ်များသည် အလျား ၂ လက်မရှိ၍ ခြောက်လက်မခန့် ထူကာ မြေအုတ်များသည် အလျား တစ်ပေ၊ အနံ ရှစ်လက်မနှင့် အထူ နှစ်လက်မ သို့ မဟုတ် သုံးလက်မ ရှိသည်။

စေတီတော်၏ ကျန်ရှိနေသည့် အစိတ်အပိုင်းများကို သုံးသပ်ကြည့်လျှင် မူလစေတီသည် ပစ္စယာသုံးဆင့်ရှိနိုင်ခဲ့ကြောင်း ခန့်မှန်းကြရပေသည်။ စေတီကို ဂဝံအုတ်နှင့် မြေမီးဖုတ်အုတ်များဖြင့် တည်ဆောက်ခဲ့ကာ စေတီ၏ မူလအုတ်ခုံသည် ၃၅ ပေ ပတ်လည် စတုရန်းပုံဖြစ်သည်။

စေတီအောက်ခံပန္နက်ပေါ်ရှိ သုံးပေမြင့်သော လေးထောင့်ပုံဖိနပ်ပေါ်တွင် အုတ်အင်္ဂတေ ဖြင့်တည်ဆောက်ထားသည့် လက်ရှိစေတီကို ၁၉၉၂ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ရုပ်စုံစေတီဘုရားပွဲတော်ကို နှစ်စဉ်ပြာသိုလပြည့်တွင် ကျင်းပလေ့ရှိသည်။ မူလရုပ်စုံစေတီ၏ ဖိနပ်ခုံပတ်လည်တွင် မြေမီးဖုတ် ရုပ်ကြွများကို ကပ်ထားခဲ့ရာ မြောက်ဘက်တွင် ၂၁ ချပ်နှင့် တောင်ဘက်တွင် ရှစ်ချပ်ကျန်ရှိခဲ့သည်။ ယင်းတို့သည် ၁၀ လက်မ ပတ်လည် ရှိပြီး ရုပ်ပုံများသည် ပျက်စီးနေကြပြီဖြစ်ကာ ဟင်္သာ၊ ဆင်၊ ဘီလူးခေါင်း၊မြင်း၊ လူ၊ လူနှင့်ဆင်၊ သစ်ပင်တက်နေသည့် လူ၊ မြင်စီးနေသောလူ၊ ကြာပွင့်ပုံများစသည်ဖြင့် မှန်းဆနိုင်ခဲ့သည်။

မောင်သာ (ရှေးဟောင်းသုတေသန)