မကြာမီဖွင့်လှစ်မည့် ဇေကမ္ဘာပြတိုက်သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကြည့်ရှုလေ့လာ

Listing Description

ရန်ကုန်   ဇန်နဝါရီ    ၃၀

ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း  ဖော်ဆောင်နိုင်ရေးအတွက်  မကြာမီဖွင့်လှစ်မည့်      ရန်ကုန်တိုင်းဒေသကြီး     မင်္ဂလာဒုံ မြို့နယ် မင်္ဂလာဒုံဂေါက်ကွင်းအနီး တည်ဆောက်ထားသည့်  ပထမဆုံး ပုဂ္ဂလိက ရှေးဟောင်းပြတိုက် ဇေကမ္ဘာပြတိုက် သို့ ယမန်နေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုလေ့လာကြသည်။

လှည့်လည်ကြည့်ရှု

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့်     တာဝန်ရှိသူများသည်   ဇေကမ္ဘာပြတိုက်အတွင်း လှည့်လည်ကြည့်ရှုရာ  ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ    ဒေါက်တာ ခင်ရွှေက        ပြတိုက်တည်ဆောက်ပြီးစီးမှုအခြေအနေ၊   ရှေးဟောင်းပစ္စည်းများ  ခင်းကျင်းပြသထားသည့် ပြခန်း များနှင့် ပြည်တွင်း  ပြည်ပ ခရီးသွားများအား   ဆွဲဆောင် နိုင်ရန်  ပြင်ဆင်ဆောင်ရွက်ထားရှိမှု   အခြေအနေများကို  လိုက်လံရှင်းလင်းပြသသည်။

အဆိုပါ     ပြတိုက်၌      သမိုင်းမတင်မီခေတ်မှ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝစသော  ခေတ်အဆက်ဆက်မှ  ကိုလိုနီခေတ်အထိ  လူ့အသုံးအဆောင်များဖြစ်သည့်   လက်နက်၊    အိုးခွက်၊ ပုတီး၊   ကိုးကွယ်ယုံကြည်မှုဆိုင်ရာ    ပစ္စည်းပြခန်းများ၊ မြန်မာမှုလက်ရာ  ပန်းချီ၊ ပန်းပု၊ ရုပ်လုံး၊ ရုပ်ကြွ ပန်း (၁၀)  မျိုး ပြခန်းများနှင့်  ကုန်းနေ၊ ရေနေသတ္တဝါများ၏  မေးရိုး၊ သွား၊ ဦးခေါင်းခွံ၊ ခြေ၊ လက်၊ အရိုး၊ မစင်စသည့် ကျောက်ဖြစ်  ရုပ်ကြွင်း  ပစ္စည်းမျိုးစုံ၊   နှစ်သန်း  ၁၁၀   သက်တမ်းရှိ အင်းဆက်မျိုးနွယ်စု ပါဝင်သော မြန်မာ့ပယင်း တွင်းထွက် များ၊ Sivapithecus မျိုးနွယ်စုဝင် ကမ္ဘာ့ရှားပါး  လူတူ ပရိုင်းမိတ် မေးရိုးနှင့် လက်မောင်းရိုးများ၊ နှစ်သန်း ၃၈၀  သက်တမ်းရှိ     Trilobite    ကျောက်ဖြစ်   ရုပ်ကြွင်းများ၊ သံခေတ်က လူသေအလောင်းကို မြှုပ်နှံမှုများ၊ ကျောက်ခေတ်၊ သံခေတ်ရှေးဟောင်းလက်နက်ကိရိယာများ၊ ကြေးခေတ်၊  သုဝဏ္ဏဘူမိခေတ်၊     ပျူခေတ်၊   ဟန်လင်းခေတ်စသည့်   ခေတ်အဆက်ဆက်အသုံးအဆောင်ပစ္စည်းများ၊ ယွန်းထည် ပစ္စည်းအမျိုးမျိုး စသည်တို့ကို  ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း  သိရသည်။ 

ဇေကမ္ဘာပြတိုက်ကို  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်   မင်္ဂလာဒုံဂေါက်ကွင်းအနီး    မြေဧက  ၅   ဧက ပေါ်တွင်  စတုရန်းပေ  ၁၆၀၀၀၀  ကျယ်ဝန်းသည့် လေးထပ်    အဆောက်အအုံအဖြစ်    တည်ဆောက်နေခြင်းဖြစ်ကြောင်း  သိရသည်။

အဆိုပါ ဇေကမ္ဘာပြတိုက်ကို ဖေဖော်ဝါရီ ၁၄ ရက် တွင် ဖွင့်လှစ်နိုင်ရန်စီစဉ်ထားပြီး ပြတိုက်ဖွင့်လှစ်ပြီးပါက  မြန်မာနိုင်ငံသားများအတွက် တစ်ဦးလျှင်  ငွေကျပ်  ၅၀၀၀ နှုန်းနှင့် နိုင်ငံခြားသားများအတွက် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ  ၁၀  ကောက်ခံရန် သတ်မှတ်ထားကြောင်း သိရ သည်။  

   သတင်း- မင်းသစ်(MNA)
ဓာတ်ပုံ- ဆန်းကျော်ဦး