ဇေယျာဘုမ္မိရွှေပေါ်ကျွန်းစေတီ

Listing Description

ဇေယျာဘုမ္မိရွှေပေါ်ကျွန်းစေတီသည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့အနီး၊ ဧရာဝတီမြစ်အလယ်ရှိ ဇေယျာဘုမ္မိရွှေပေါ်ကျွန်း ခေါ် ကျွန်းတော်တွင် တည်ရှိသည်။ အသောကမင်းကြီးသည် ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်များကို ဌာပနာ၍ စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထားပြီးရာတွင် ကျန်ရှိသော သရီရဓာတ်တော်များကို သက္ကရာဇ် ၂၄၈ ခုနှစ်၊ တပေါင်းလပြည့်နေ့၌ ဇေယျာဘူမိကျွန်း (ရွှေကူမြို့) သို့ပို့စေပြီး ယင်းဓာတ်တော်များကို ဌာပနာ၍ စေတီတော် တည်ထားစေခဲ့ပါသည်။ ထိုစဉ်က စေတီတော်သည် ဉာဏ်တော် ၁၄ တောင်၊ လုံ:ပတ် ၂၈ တောင် ရှိသည်။ ကျန် သရီရဓာတ်တော် ၄ ဆူကိုလည်း မိကျောင်းမင်း၊ သမင်မင်း၊ ကျားမင်း၊ ဆင်မင်းတို့၏ ရုပ်တုများထုလုပ်၍ ထိုရုပ်တုများအထက်ဝယ် နတ်မင်းဓာတ်တော်ကြုတ်ပိုက်ဟန် ရုပ်တုကိုပြုလုပ်၍ ထိုဓာတ်တော်ကြုတ် များထဲတွင် ဓါတ်တော်မြတ်တစ်ဆူစီ ဌာပနာပြီးလျှင် နောင်လာနောက်သားတို့ ဖူးမြော်နိုင်ရန် စေတီတော်အတွင်း ထည့်သွင်းခြင်းမပြုဘဲ အပြင်ကျောင်း၌ ထားတော်မူခဲ့လေသည်။ ထိုဓာတ်တော်နှင့်ရုပ်တုများကို အစဉ်အဆက် စောင့်ရှောက်ကိုးကွယ်ခဲ့ရာ ယခုအခါ ဘုရားဖူးပရိသတ်များ လွယ်လွယ်ကူကူ ဖူးမြော်နိုင်စေရန် လှပတင့်တယ်သော ဓာတ်တော်ပြတိုက် တည်ဆောက်ပြီးလျှင် ပြတိုက်အတွင်း၌ ခမ်းနားစွာ အပူဇော်ခံလျက်ရှိပါသည်။ သက္ကရာဇ် ၄၀၆ ခုနှစ်တွင် မိုးမိတ်စားသည် စေတီတော်ကို အမြင့် ၂၃ တောင်၊ လုံးပတ် ၁၀၄ တောင်ရှိ စေတီတော်အဖြစ် မွမ်းမံခဲ့သည်။ နောင်အခါတွင် နှစ်ကာလကြာမြင့်လာသည့်အတွက် ဗန်းမော်မြို့စား သီဆိုင်ဘွားမှ ထပ်မံပြုပြင်ခဲ့သည်။ အလောင်းမင်းတရားသည် သက္ကရာဇ် ၁၁၁၅ ခုနှစ် တန်ခူးလဆန်း ၈ ရက်နေ့တွင် စေတီတော်ရှိ ဇရပ်တွင် ရွှေမှန်ကင်းရှစ်ဆူ လှူခဲ့ပါသည်။ နှစ်စဉ်တပို့တွဲလပြည့်နေ့တိုင်း ရွှေပေါ်ကျွန်းဘုရားတွင် မီးပုံထင်းလှူပွဲ ပြုလုပ်လေ့ရှိပြီး ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၈ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ကျင်းပပါသည်။