ဝဏ္ဏကျော်ထင် ဦးသက်ထွန်း (၁၉၂၆-၂၀၁၂)

Listing Description

ဦးဖိုးသောင်၊ ဒေါ်စိန်တုတ်တို့မှ ၁၉၂၆ ခု၊ ဩဂုတ်လ ၈ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။

မြို့မအမျိုးသားကျောင်း (အ.ထ.က(၂) ဒဂုံ) တွင် ပညာသင်သည်။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရသည်။ လန်ဒန်တက္ကသိုလ်မှ သိပ္ပံဘွဲ့ ရခဲ့သည်။ ဂျပန်သို့လည်း ပညာတော်သင် သွားရသည်။

၁၉၅၁ မှ ၁၉၇၅ အထိ အမျိုးသား စီမံကိန်း ဝန်ကြီးဌာန ဗဟို စာရင်းအင်းနှင့် စီးပွားရေး ဌာနခွဲ၌ ညွှန်ကြားရေးမှူးချုပ် အဆင့်ထိ တာဝန်ယူခဲ့သည်။ ယင်းကာလအတွင်း ကမ္ဘာငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF)၊ အာရှနှင့် အရှေ့ဖျား ဒေသဆိုင်ရာ စီးပွားရေး ကော်မရှင် (ECAFE)၊ ကမ္ဘာဘဏ် (IBRD) တို့၌ တနှစ်ခန့်စီ တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၇၅ မှ ၇၈ အထိ ပြင်သစ်ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံနှင့် စပိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လည်းကောင်း၊ ယူနက်စကိုဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးကော်မတီ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အဖြစ်လည်းကောင်း ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၇၉ မှ ၁၉၈၆ အထိ ပါရီမြို့၊ ယူနက်စကိုဌာနချုပ်၌ အာရှနှင့် ပစိဖိတ်ဌာနခွဲ ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။

ထွန်းဖောင်ဒေးရှင်းဘဏ်၌ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားကျောင်းအဖြစ် မြို့မကျောင်း စတင်ခဲ့ကြောင်း ၁၉၉၅ ခု၌ သမိုင်းအထောက်အထားပြုစုရာတွင် ပါဝင်ခဲ့သည်။

အတွေးအမြင် စာစောင်၏ ပင်တိုင်ဆောင်းပါးရှင် ဖြစ်ပြီး အခြား မဂ္ဂဇင်းစာစောင်များတွင် အတွေ့အကြုံ ဆောင်းပါးများနှင့် အခြား ဆောင်းပါးများ ရေးခဲ့သည်။

မြို့မကျောင်း စိန်ရတု (၁၉၂၀-၁၉၉၅) ကျင်းပရေးကော်မတီ နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံသမိုင်းအဖွဲ့၌ အချိန်ပိုင်းအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းများအသင်း၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ သည်။

၂၀၁၂ ခု၊ ဇူလိုင်လ ၄ ရက်တွင် ကွယ်လွန်သည်။ ဇနီး ဒေါ်ခင်ခင်အုန်းနှင့် သားသမီး ၄ ယောက် ကျန်ရစ်သည်။