ရှားပါးမျောက်မျိုးစိတ်သစ်တမျိုး မြန်မာနိုင်ငံမှာ တွေ့ရှိ

Listing Description

ရှားပါးမျောက်မျိုးစိတ်အသစ်တမျိုးကို မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့ပါတယ်။ ပုပ္ပားတောင်မကြီးမှာနေတဲ့ မျောက်မြီးရှည်တမျိုးဟာ အလွန်ရှားပါးတဲ့ မျောက်မျိုးစိတ်သစ်တခုဖြစ်တယ်လို့ ဂျာမန်ပရိုင်းမိတ် စင်တာနဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်အဖွဲ့ (FFI)တို့က ပူးတွဲအတည်ပြုခဲ့တာပါ။

မျောက်မျိုးစိတ်သစ်ရဲ့ အသွင်သဏ္ဍန်

အဲဒီမျောက်မျိုးစိတ်သစ်ဟာ များသောအားဖြင့် မီးခိုးရောင်အနုနဲ့ အရင့်အရောင်တွေ ဖြစ်ကြပါတယ်။ မျက်လုံးနဲ့ ဝမ်းဗိုက်တို့ဟာ အဖြူရောင် သို့မဟုတ် မီးခိုးပြာရောင် ရှိကြပါတယ်။

မျက်လုံးမှာ မျက်မှန်တပ်ထားသလို အဝိုင်းသဏ္ဌာန်ပေါ်နေတဲ့ မီးခိုးပြာရောင်မျက်ကွင်းကြောင့် သူတို့ကို တချိန်က မျက်ကွင်းပြာမျောက်မျိုးထဲမှာ စာရင်းသွင်းထားခဲ့ကြပါတယ်။

အခုမှ သူတို့ဟာ မျောက်မျိုးစိတ်သစ်အဖြစ် သိရှိလာကြတာပါ။ သူတို့ရဲ့အမြီးဟာ သူတို့ အရပ်ထက် ပိုရှည်ပါတယ်။ များသောအားဖြင့် အမြီးဟာ ၃ ပေလောက်အထိ ရှည်လျားကြပါတယ်။

ပုပ္ပားမျောက်မြီးရှည်လို့ အမည်သညာခေါ်တွင်စေ

ဒါ့ကြောင့် အခုတွေ့တဲ့ မျိုးစိတ်သစ်ကို မြန်မာလို ပုပ္ပားမျောက်မြီးရှည်လို့ နာမည်ပေးထားပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ Popa Langur လို့ မှတ်တမ်းတင်ထားပါတယ်။ မျိုးစိတ်သစ်အဖြစ် မှတ်တမ်းတင်နိုင်ချိန်နဲ့ တပြိုင်နက်တည်းမှာပဲ မျိုးတုံးပျောက်ကွယ်မဲ့ အန္တရာယ် ရင်ဆိုင်နေရတဲ့ မျိုးစိတ်အဖြစ်ပါ သတ်မှတ်ခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ ပုပ္ပားမျောက်မြီးရှည် စုစုပေါင်း အကောင်ရေ ၂၀၀ နဲ့ ၂၅၀ ကြားပဲ ကျန်ရှိတော့တယ်လို့ ယူဆထားကြလို့ပါ။ ကျန်ရှိသမျှဟာလဲ မြန်မာပြည်ထဲက နေရာ ၄ နေရာမှာပဲ ဖြစ်ပါတယ်။

ပုပ္ပားမျောက်မြီးရှည်ရှိတဲ့ နေရာ ၄ နေရာ

မြန်မာနိုင်ငံအလယ်ပိုင်းက မီးတောင်သေတခုဖြစ်တဲ့ ပုပ္ပားတောင်မှာ အများဆုံးတွေ့ရပြီး ရေတွက် မှတ်တမ်းတင်ပြီးသမျှ စုစုပေါင်း အကောင်ရေ ၁၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်အဖွဲ့ (FFI)ရဲ့ မြန်မာနိုင်ငံမန်နေဂျာ ဦးငွေလွင်က ဘီဘီစီကို ပြောပါတယ်။

သူတို့ကို အများဆုံးတွေ့ရှိရတဲ့ ပုပ္ပားတောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပုပ္ပားမျောက်မြီးရှည်လို့ နာမည်ပေး မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ အပူပိုင်းဒေသရဲ့ အိုအေစစ်လို့ခေါ်တဲ့ ပုပ္ပားမှာ သူတို့ကို အများဆုံးတွေ့ရပေမဲ့ မြန်မာနိုင်ငံထဲမှာ သူတို့ကို တွေ့ထားတာ ဒီတနေရာထဲတော့ မကပါဘူး။

ပဲခူးရိုးမမှာလဲ ပုပ္ပားမျောက်မြီးရှည်တွေကို ရှာဖွေတွေ့ရှိထားပါတယ်။ အကောင်ရေ ဘယ်ရွေ့ဘယ်မျှရှိမယ်ဆိုတာကို စနစ်တကျ ကွင်းဆင်းရေတွက်တာမျိုး မလုပ်နိုင်သေးပေမဲ့ ခန့်မှန်းခြေ အကောင်ရေ ၂၀ ကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ရှမ်းပြည်နယ်အတွင်းက ပန်းလောင်နဲ့ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာလဲ ပုပ္ပားမျောက်မြီးရှည်အမျိုးအစားကို တွေ့ထားပြီး စုစုပေါင်း အကောင်ရေ ၄၆ ကောင်ကနေ ၉၆ ကောင် ပတ်ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ကရင်ပြည်နယ် ရသေ့ပျံတောင်တန်းပေါ်က ရသေ့ပျံသဘာဝလိုဏ်ဂူရှေ့မှာလဲ ပုပ္ပားမျောက်မြီးရှည်နဲ့ သွင်ပြင်လက္ခဏာ တထပ်တည်းတူတဲ့ မျောက်တွေကို ညနေအချိန်တိုင်းမှာ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားနေတာကို တွေ့ရတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။ အဲဒီနေရာမှာလဲ အကောင်ရေ ၂၀၊ ၃၀ ထက်မနည်းရှိလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ဦးငွေလွင်က ဆိုပါတယ်။

သက်တမ်းရင့် ရှေးဟောင်းမျောက်မျိုးနွယ်

ပုပ္ပားမျောက်မြီးရှည်ကို မျိုးစိတ်သစ်အဖြစ် အခုမှ တိတိကျကျ မှတ်တမ်းတင်နိုင်တာဖြစ်ပေမဲ့ ပုပ္ပားတောင်ပေါ်မှာ သူတို့ရှိနေတာကြာလှပြီဆိုတာ ဒေသခံတွေ သိရှိကြပါတယ်။ ဒီကမ္ဘာမြေပေါ်မှာ သူတို့ရှိနေခဲ့တဲ့ သက်တမ်းကတော့ ပိုလို့တောင် အံ့အားသင့်လောက်အောင် ကြာမြင့်လှပါပြီ။ မျိုးဗီဇသုတေသနပညာရှင်တွေရဲ့ အလိုအရ ပုပ္ပားမျောက်မြီးရှည်အမျိုးဟာ တခြားမျိုးဗီဇတွေနဲ့ ခွဲထွက်ပြီး သူ့မျိုးရိုးအနေနဲ့ သီးခြားရပ်တည်လာတာ နှစ်ပေါင်း ၁ သန်းလောက်ကြာပြီလို့ တွက်ချက်ခန့်မှန်းထားပါတယ်။

အနှစ်တသန်းကြာလောက်ကတည်းက ကမ္ဘာပေါ်မှာရှိနေတဲ့မျောက်ကို ဘာ့ကြောင့် အခုမှ မျိုးစိတ်သစ်အဖြစ် တွေ့ရှိမှတ်တမ်းတင်နိုင်တာပါလဲ။ အကြောင်းတခုကတော့ သူတို့ဟာ မျက်ကွင်းဖြူ၊ မျက်ကွင်းပြာတွေရှိနေတဲ့အတွက် မျက်ကွင်းပြာမျောက်အမျိုးအစားနဲ့ တမျိုးတစားတည်းပဲလို့ ထင်မှတ်ခံထားရတဲ့အတွက် သီးခြား သုတေသန မပြုမိခဲ့တာကြောင့်လို့ ဦးငွေလွင်က ဆိုပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ ရှားပါးမျောက်မျိုးစိတ်တခုကို တွေ့ရှိမှတ်တမ်းတင်နိုင်တာဟာ ဒါပထမဆုံး မဟုတ်ပါဘူး။ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ မြန်မာနှာခေါင်းလန်မျောက်ကို လွန်ခဲ့တဲ့ ၁၀ လောက်ကတည်းက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ပုပ္ပားမျောက်မြီးရှည်ရှာပုံတော်

မြန်မာနိုင်ငံမှာ မျောက်မျိုးစိတ်သစ်တွေ ရှိနေလိမ့်ဦးမယ်လို့ သိပ္ပံပညာရှင်တွေက ဒီ့အရင်ကတည်းက တွေးထင်သံသယရှိခဲ့ကြပါတယ်။ အဲသလိုယူဆတဲ့ အတွက် မြန်မာနိုင်ငံမှာ မျောက်မျိုးစိတ်အသစ် ရှိနိုင်တဲ့နေရာတွေကို စူးစမ်းရှာဖွေခဲ့ပါတယ်။

အဲသလို ရှာဖွေကြရာမှာ ပုပ္ပားမျောက်မြီးရှည်ရဲ့ သဲလွန်စကို တောတောင်ထဲမှာ မဟုတ်ဘဲ ပြတိုက်တခုထဲမှာ မမျှော်လင့်ဘဲ တွေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဗြိတိသျှတို့က ကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက်အုပ်ချုပ်ခဲ့စဥ်က မြန်မာနိုင်ငံက မျိုးဗီဇတချို့ကို ရယူပြီး လန်ဒန်မြို့က ဗြိတိသျှ သဘာဝသမိုင်းပြတိုက်ထဲမှာ သိမ်းဆည်းထားခဲ့ပါတယ်။ အဲသလို သိမ်းဆည်းထားတဲ့ မျိုးဗီဇတွေကို လေ့လာတဲ့အခါ ဗြိတိသျှ သဘာဝသမိုင်းပြတိုက်ထဲမှာရှိတဲ့ မြန်မာနိုင်ငံက မျောက်မျိုးဗီဇ တခုဟာ ကမ္ဘာမှာ မှတ်တမ်းတင်မထားရသေးတဲ့ မျိုးစိတ်သစ် တခုဖြစ်နေတာကို စတင်တွေ့ရှိခဲ့ပါတယ်။ အဲသလိုတွေ့ရှိပြီးနောက်မှာ ဒီဗီဇရှိတဲ့မျောက်ဟာ မြန်မာနိုင်ငံမှာ သက်ရှိထင်ရှား ရှိနေလောက်သေးတယ် လို့ ယူဆပြီး ရှာဖွေခဲ့ကြတာပါ။

ဦးဆောင်ရှာဖွေကြတဲ့အထဲမှာ အရင်က မြန်မာနှာခေါင်းလန်မျောက်ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ဖူးတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်အဖွဲ့ (FFI) လဲ ပါဝင်ပြီး တခြား ပြည်တွင်းပြည်ပ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရှာဖွေခဲ့ကြပါတယ်။

အဲသလိုစူးစမ်းရှာဖွေ၊ သုတေသနလုပ်မှုတွေရဲ့ အကျိုးရလဒ်အဖြစ် အခုပုပ္ပားမျောက်မြီးရှည်ကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပုပ္ပားမျောက်မြီးရှည်ဟာ ဒီကမ္ဘာမြေပေါ်မှာ နေထိုင်လာတာ နှစ်ပေါင်း ၁ သန်းလောက် ကြာပြီဖြစ်ပေမဲ့ အခုအခါမှာ အကောင်ရေ ၂၀၀ ကနေ ၂၅၀ လောက်ပဲ ကျန်တော့တဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ရမဲ့ အဖိုးတန်ရတနာတခုလို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ယူဆထားကြပါတယ်။

မျိုးတုံးနိုင်တဲ့ အန္တရာယ်

အကောင်ရေ ဒီလောက်တောင် နည်းပါးနေပြီဖြစ်လို့ မျိုးတုံးပျောက်ကွယ်နိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ထားပါတယ်။ သူတို့ဟာ လူတွေရဲ့ အမဲလိုက်ဖမ်းဆီးတဲ့ အန္တရာယ်ကို ရင်ဆိုင်ရဖွယ် ရှိသလို သူတို့ကြိုက်နှစ်သက်တဲ့ သဘာဝပတ်ဝန်းကျင်တွေလဲ ပြုန်းတီးပျက်စီးလာတာကြောင့် မျိုးတုံးမဲ့ အန္တရာယ်ကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ ပညာရှင်တွေက အထူးစိုးရိမ်ပူပန်ကြပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်အဖွဲ့ (FFI)ရဲ့ မြန်မာနိုင်ငံမန်နေဂျာ ဦးငွေလွင်ကတော့ သူတို့မှာ ထိန်းသိမ်းရေး အစီအစဥ်တွေ စတင်နေပြီလို့ ဘီဘီစီကို ပြောပါတယ်။

"မျိုးတုံးနိုင်မဲ့ ဖြစ်နိုင်ခြေကတော့ တော်တော်တော့ များနေတာပေါ့ဗျာ။ ကျွန်တော်တို့ဘက်ကတော့ ထိန်းသိမ်းမဲ့ ပရောဂျက်တွေ လုပ်ဖို့ စပြီး စီစဥ်နေပါတယ်။ ပထမဆုံးအနေနဲ့ကတော့ ပဲခူးရိုးမထဲက အကောင်ရေ population ကို ပိုပြီး တိတိကျကျ သိနိုင်အောင် ရေတွက်ဖို့ ကျနော်တို့ လုပ်ပါမယ်။ အခုထိ ကျွန်တော်တို့ သိထားပြီးသလောက်ကတော့ ပဲခူးရိုးမထဲက ၈ နေရာလောက်မှာ အကောင် အုပ်စုလေးတွေ ရှိနေတယ်ပေါ့ဗျာ။ အဲဒါကို ကျွန်တော်တို့က ထပ်ပြီး လေ့လာမယ်။ ပြီးတော့ သူတို့အပေါ်မှာ ကျရောက်နေတဲ့ အန္တရာယ်က ဘယ်လိုရှိနေသလဲဆိုတာကို ကျွန်တော်တို့ ဆက်ပြီး လေ့လာမယ်။ အဲဒီရလာတဲ့ အချက်အလက်ပေါ်မူတည်ပြီး ဘယ်လိုထိန်းသိမ်းရေးလုပ်မလဲဆိုတာ ဆက်ဆောင်ရွက်ပါမယ်။"

နိုင်ငံခြားပညာရှင်တွေပြောတဲ့ စိုးရိမ်ပူပန်စရာတွေရှိသလို ကံကောင်းထောက်မနေတဲ့ အချက်တွေလဲ ရှိတယ်လို့ ဦးငွေလွင်က ဘီဘီစီကို ပြောပါတယ်။

"ကောင်းတာလေးက ဘာကို တွေ့ရသလဲဆိုတော့ ပုပ္ပားတောင်မှာ တွေ့ရတဲ့ အုပ်စုက ပုပ္ပားတောင် ဥယျာဥ်ထဲမှာ ရှိနေတယ်ခင်ဗျ။ သစ်တောဦးစီးဌာနရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိနေတာဆိုတော့ သူတို့ဟာ တစုံတရာ စိတ်ချရတဲ့ အနေအထားမှာ ရှိနေတယ်။ သတ်ဖြတ်မှုအန္တရာယ် နည်းနေတယ်ပေါ့ဗျာ။ သို့ပေမဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်အနေအထား အကျယ်အဝန်းအရ အကောင်ရေ အများကြီး တိုးလာဖို့တော့ မရှိဘူး။

နောက်တအုပ်စုကလဲ ပန်းလောင်၊ ပြဒါးလင်း ဘေးမဲ့တောထဲမှာ ရှိနေတယ်။ အဲဒီအုပ်စုကလဲ ဘေးမဲ့တောထဲမှာ ရှိနေတဲ့အတွက် သစ်တောဦးစီးဌာနနဲ့ ဘေးမဲ့တောဌာနတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အောက်မှာရှိနေတယ်။ အပြင်မှာနေသလောက်တော့ အန္တရာယ်မရှိဘူးဆိုတော့ တော်သေးတယ်လို့ ပြောလို့ ရတယ်။

နောက် ကရင်ပြည်နယ် ရသေ့ပျံလိုဏ်ဂူမှာကလဲ အကောင်ရေ နည်းနည်းပဲ ရှိပေမဲ့ ဆရာတော်ရဲ့ ဦးဆောင်ထိန်းသိမ်းမှုအောက်မှာ ရှိတယ်။

ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်မှု အန္တရာယ်ကတော့ တော်တော်နည်းတယ် ဒါပေမဲ့ ပြဿနာက နေရာက တအားကျဥ်းတဲ့အတွက် အကောင်ရေ ပွားများရေးအတွက် ပြဿနာရှိတယ်။ ကန့်သတ်ထားသလို ဖြစ်နေတယ်။ ကျွန်တော်တို့ အဓိက အားထားတာကတော့ ဖမ်းဆီးသတ်ဖြတ်မှုခံရနိုင်တဲ့ အန္တရာယ်ရှိပေမဲ့ အကောင်ရေအများအပြား တိုးပွားနိုင်လောက်တဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေရှိတဲ့ ပဲခူးရိုးမကိုပေါ့ဗျာ။"

Crd BBC News