ဒေါက်တာ ထင်အောင် (၁၉၀၈–၁၉၇၈)

Listing Description

မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး နာမည်ကျော်စာရေးဆရာလည်းဖြစ်သည်။ လွတ်လပ်ရေးရပြီးခေတ် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အရှေ့တောင်အာရှ အဆင့်မြင့်ပညာရေးအသင်း (The Association of Southeast Asian Institutions of Higher Learning) ကို ၁၉၅၆တွင် တည်ထောင်သူတစ်ဦး ဖြစ်ခဲ့သည်။

၁၉၀၈ ခု၊ မေလ ၁၈ ရက်တွင် ပခုက္ကူခရိုင်၊ ပေါက်မြို့၌ မွေးသည်။ မိဘများမှာ အရေးပိုင် ဦးဖိန်းနှင့် ဒေါ်မိမိ တို့ ဖြစ်သည်။ မွေးချင်း ၇ ယောက်အနက် ပဉ္စမမြောက် ဖြစ်သည်။ အစ်ကိုအကြီးဆုံးမှာ ၁၉၄ရ ခု၊ ဇန်နဝါရီလတွင် ဗိုလ်ချုပ်‌အောင်ဆန်း နှင့်အတူ လန်ဒန်မြို့သို့ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေး‌နွေးရာတွင် ပါဝင်ခဲ့သူ အိုင်စီအက်စ် ဦးတင်ထွဋ် ဖြစ်သည်။

၁၉၂၃ ခုတွင် စိန့်ပေါကျောင်းမှ အထက်တန်းအောင်သည်။ မြန်မာနှင့် အင်္ဂလိပ်စာ ဂုဏ်ထူးရသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် တက်သည်။ ဥပစာတန်းတွင် ရာဇဝင် (ယခု သမိုင်း) ကို စိတ်ဝင်စားလာသည်။ ထိုစဉ် ပါမောက္ခမှာ ဒီဂျီအီးဟော (Daniel George Edward Hall) ဖြစ်သည်။ သမိုင်းသင်သော်လည်း မြန်မာသမိုင်းအား နှိပ်ချပြောဆိုလေ့ရှိရာ မောင်ထင်အောင်နှင့် မကြာမကြာ ပဋိပက္ခဖြစ်ရသည်။ ဝိဇ္ဇာတန်းရောက်သော် ဆရာနှင့်အဆင်မပြေမှုက အဟန့်အတားဖြစ်မည်စိုး၍ သမိုင်းဂုဏ်ထူးတန်း မတက်တော့။ ၁၉၂၈ ခုတွင် အင်္ဂလိပ်စာဂုဏ်ထူးတန်းဖြင့် ဘွဲ့ရသည်။

ကိန်းဘရစ်တက္ကသိုလ်မှ ဥပဒေဘွဲ့၊ အောက်စဖို့တက္ကသိုလ်မှ ပြည်သူ့ရေးရာ ဥပဒေဘွဲ့၊ လန်ဒန်တက္ကသိုလ်မှ ဥပဒေမဟာဘွဲ့ကို ရယူသည်။ ၁၉၃၃ ခုတွင် ဒဗ္ဗလင်ရှိ ထရီနတီကောလိပ်မှ စာပေဆိုင်ရာပါရဂူဘွဲ့ ရသည်။ ထို ဘွဲ့ယူကျမ်းကို ၁၉၃၇ ခုတွင် အောက်စဖို့ပုံနှိပ်တိုက်မှ မြန်မာပြဇာတ်များ အမည်ဖြင့်စာအုပ်ထုတ်ခဲ့သည်။

ဦးဖိုးကျားနှင့် သိကျွမ်းကာ မြန်မာနိုင်ငံ အမျိုးသားပညာရေးကောင်စီ အကျိုးဆောင် (အတွင်းရေးမှူး) အဖြစ် လွတ်လပ်ရေးရသည့် ၁၉၄၈ အထိ ဆောင်ရွက်သည်။

၁၉၃၆ ခု၊ ဒုတိယကျောင်းသားသပိတ် ပေါ်လာသော် ရန်ကုန်မြို့မိမြို့ဖများက မြို့မတိုင်းရင်းသားအထက်တန်းကျောင်း တွင် အမျိုးသားတက္ကသိုလ် (ညကျောင်း) ဖွင့်ရာ ဒေါက်တာထင်အောင်က အင်္ဂလိပ်စာနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ ပို့ချသည်။ အခြားကထိကများမှာ ဒီးဒုတ်ဦးဘချို၊ ဦးဖိုးကျား၊ သူရိယ ဦးလှဖေ၊ ဦးဖိုးစိန်၊ ဦးထွန်းညို၊ ဦးအောင်လှ (သင်္ချာပါမောက္ခ၊ မြို့မကျောင်းအုပ်ကြီး) စသည်တို့ ဖြစ်သည်။

ဂျပန်ခေတ်တွင် နီပွန်-မြန်မာ ယဉ်ကျေးမှုအသင်း နှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်း တို့တွင် ပါဝင်ခဲ့သည်။

၁၉၅၄ ခုတွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းရာ အဖွဲ့ဝင်အဖြစ် ပါဝင်သည်။ သုတေသနအသင်းနှင့် သမိုင်းကော်မရှင်တို့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သေးသည်။

၁၉၅၈ ခုရောက်သော် ရန်ကုန်တက္ကသိုလ် ဒုတိယအဓိပတိ ဖြစ်လာသည်။

ပါရဂူဘွဲ့ရပြီးနောက် မြန်မာနိုင်ငံ ပြန်လာသည့်အခါ အစ်ကိုများ (ဝတ်လုံ ဦးကျော်မြင့်နှင့် ဦးမြင့်သိန်း) တို့ထံ အလုပ်သင်ရှေ့နေ ဝင်သည်။ နောင်သော် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန၌ လက်ထောက်ကထိက ဖြစ်လာသည်။

ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးပါမောက္ခချုပ် အဖြစ် ၁၉၄၆ ခုမှ ၁၉၅၈ ခုအထိ တာဝန်ယူခဲ့သည်။

၁၉၅၉ ခုနစ်ကနေ ၁၉၆၂ ခုနှစ်အထိ သီရိလင်္ကာသို့ မြန်မာသံအမတ် အဖြစ် သွားသည်။ ၁၉၆၃ တွင် အငြိမ်းစားယူတော့သည်။ နောင်းပိုင်းတွင် ကိုလံဘီယာတက္ကသိုလ်နှင့် ဝိတ်ဖောရပ်တက္ကသိုလ် (Wake Forest University) တို့တွင် ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သည်။

မြန်မာအစိုးရက စည်သူဘွဲ့၊ သီရိလင်္ကာနှင့် အမေရိကန်တက္ကသိုလ်များက ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များ ချီးမြှင့်ခဲ့သည်။

၁၉၇၈ ခု၊ မေလ ၁၀ ရက်တွင် ရန်ကုန်မြို့၌ တိမ်းပါးသည်။ ဇနီး ဒေါ်တင်လှ သာ ကျန်ရစ်သည်။

ရေးသားခဲ့သော စာအုပ်များ

Burmese Monk's Tales      (1966)

Episties Written on Eve of Anglo-Burmese War         (1967)

The Stricken Peacock: An Account of Anglo-Burmese Relations    1752-1948 (1965 အောင်သန်း (မန္တလေး) က ညောင်ရမ်းအလွန် အမည်ဖြင့် မြန်မာပြန်)

Lord Randolph Churchill and the Dancing Peacock: British Conquest of Burma 1885   (1990)

Folk Tales of Burma         (1976)

Burmese History before 1287: A Defence of the Chronicles            (1970) (အောင်သန်း(မန္တလေး) က ပုဂံမပျက်မီက မြန်မာ့သမိုင်း အမည်ဖြင့် မြန်မာပြန်)

Thirty Burmese Tales        (1970)

Folk Elements in Burmese Buddhism    (1962)

Burmese Drama     (1937)

Burmese Folk Tales          (1948)

Burmese Drama: A Study, with translations, of Burmese Plays      (1956)

Burmese Law Tales          (1962) (ဦးအောင်ကျော်စိန်က မြန်မာ့တရားဥပဒေ အမည်ဖြင့် မြန်မာပြန်)

A Kingdom Lost for a Drop of Honey: And Other Burmese Folktales        (1968) (with Helen G. Trager)

A History of Burma