လင်းဝေမြိုင် (၁၉၄၉ - ၂ဝဝ၂)

Listing Description

မြင်းခြံ ခရိုင် ကျောက်ပန်းတောင်း မြို့တွင် အဖ ဦးကြည်မောင်၊ အမိ ဒေါ်နု တို့က ၁၉၄၉ ခု ဩဂုတ် ၁၄ ရက်နေ့တွင် မွေးဖွား ခဲ့သည်။ မွေးချင်း ရှစ်ယောက်တွင် အကြီးဆုံး ဖြစ်၍ အမည်ရင်းမှာ ဦးမြင့်ဦး ဖြစ်သည်။

၁၉၆၆ ခု ကျောက်ပန်းတောင်း အစိုးရ အထက်တန်း ကျောင်းတွင် ပညာ သင်နေဆဲ မှာပင် ပုဒ်မ (၅) ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။ ၁၉၇၁ တွင် အကျဉ်းထောင်မှ ပြန်လွတ် ခဲ့သည်။ ၁၉၇၅ တွင် ဒသမတန်း စာမေးပွဲကို သမိုင်း၊ အင်္ဂလိပ်စာ ဂုဏ်ထူး များဖြင့် အောင်မြင် ခဲ့သည်။ ၁၉၇၉ တွင် ရန်ကုန် ပညာရေး တက္ကသိုလ်မှ အင်္ဂလိပ်စာ အဓိကဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။

၁၉၈၂ ခုနှစ် အထိ အင်္ဂလိပ်စာ အဓိကဖြင့် နည်းပြ ဆရာ၊ ထို့နောက် လုပ်သား ပြည်သူ့ နေ့စဉ် (အင်္ဂလိပ်) သတင်းစာတွင် စာပြင်၊ ရုပ်ရှင် တေးကဗျာ (၁၉၈၈ - ၁၉၉၂)၊ စံပယ်ဖြူ (၁၉၉၂ ဇူလိုင်မှ ဒီဇင်ဘာထိ)၊ ရွှေရုပ်စုံ မဂ္ဂဇင်း (၁၉၉၃ - ၁၉၉၅) တို့တွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၉၆ ခု ဇွန်လမှ စ၍ ကြော်ငြာနှင့် ဈေးဝယ် လမ်းညွှန် မဂ္ဂဇင်းတွင် အမှုဆောင် အယ်ဒီတာ၊ တာဝန်ခံ အယ်ဒီတာ၊ အယ်ဒီတာချုပ် အဖြစ် ကွယ်လွန်သည် အထိ တာဝန် ယူခဲ့သည်။

၁၉၇၇ ခုနှစ် ပညာရေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းတွင် စာ စတင် ရေးခဲ့သည်။ ခေတ်ပြိုင် မဂ္ဂဇင်း များတွင် နိုင်ငံတကာ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ နိုင်ငံရေး၊ စီးပွားရေး၊ အင်တာဗျူး စသည့် ဆောင်းပါးပေါင်း (၆ဝဝ) ကျော်နှင့် ဘာသာပြန် ဝတ္ထုတို၊ ဝတ္ထုလတ်ပေါင်း (၂ဝဝ) ကျော်ခန့် ပြန်ဆို ရေးသား ခဲ့သည်။ ကုတ်အကျင်္ီ (၁၉၉၁ - ၁၉၉၉)၊ အလွမ်းတခြင်းနှင့် ပန်းနှင်းဆီ (၁၉၉၇)၊ တော (၁၉၉၈)၊ စစ် (၁၉၉၉)၊ အဖေနဲ့ တွေ့ချင် သတဲ့လားနှင့် နိုင်ငံတကာ ဝတ္ထုတိုများ (၁၉၉၉)၊ ဂန္ဈဝင် ဝတ္ထု - ဂန္ဈဝင် ရုပ်ရှင် (၂ဝဝ၂)၊ အိုင်းဆက်ဗာရှီဗစ်ဆင်းဂါး ဝတ္ထုတိုများ (၂ဝဝ၃) တို့မှာ ထင်ရှားသည်။ ဦးမြင့်ဦး (အင်္ဂလိပ်စာ နည်းပြဟောင်း) ကလောင် အမည်ဖြင့် အင်္ဂလိပ် ဘာသာ စာအုပ် ၁ဝ အုပ်၊ အင်္ဂလိပ် - မြန်မာ အဘိဓာန် ၂ အုပ် တို့ကို တည်းဖြတ် ခဲ့သည်။

၂ဝဝ၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန် ခဲ့သည်။