မင်းသားကြီး ဇေယျ (အရှင်ဝဇီရာနန္ဒ) (၁၉၁၆ - ၂၀၁၀)

Listing Description

၁၉၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းရွာတွင် အဖ ဦးမောင်၊ အမိ ဒေါ်ဆင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ လှမောင်ဖြစ်သည်။ မွေးချင်းဆယ့်တစ်ယောက်အနက် ဆဋ္ဌမမြောက်သားဖြစ်သည်။ မိဘများသည် ရွှေလှောင်စက္ကူ (ဘုရားတွင်ရွှေချသော ရွှေဆိုင်းများကို ကပ်သော စက္ကူ) လုပ်ငန်းလုပ်ရင်း ခြံထွက်သီးနှံ ရောင်းချလုပ်ကိုင်သူများ ဖြစ်ကြသည်။

၁၉၃၆-တွင် မန္တလေးသို့ ကာယဗလ ဦးရှိန်နှင့် ဦးဇော်ဝိတ် ရောက်လာကာ လူငယ်များ ကာယဗလ လိုက်စား သင့်ကြောင်း ဟောပြောသဖြင့် ထိုအချိန်မှစ၍ ကာယဗလ လေ့ကျင့်ခဲ့သည်။ ၁၉၄၃-ခုတွင် ဂျပန်က လွတ်လပ်ရေးပေးသည့်အချိန် စစ်ကိုင်းတွင် မောင်ရွေးပွဲ ကျင်းပရာ မောင်လှမောင် ဝင်ပြိုင်ပြီး စစ်ကိုင်းတိုင်းမောင်(ခေါ်) ဇေယျာမောင်ဘွဲ့ဆွတ်ခူးခဲ့သည်။ ထိုအချိန်တွင် အသက် ၂၇-နှစ်အရွယ်သာ ရှိသေးသည်။

၁၉၄၆-တွင် မန္တလေး၌ ကာယဗလမောင်ဝင်ပြိုင်ရာ ရွှေမန်းမောင် ဘွဲ့ရခဲ့ပြန်သည်။ စစ်ပြီးခေတ် အေဝမ်း၏  ပထမဆုံးရုပ်ရှင်ကား ရိုက်ကူးရန်  ဒါရိုက်တာ ဦးဘရှင်၏ ကမ်းလှမ်းမှုဖြင့် စတင်ရိုက်ကူးခဲ့သည်။ ထို့နောက် ဘာမထီနှင့် အောင်ဆုပန်၊ အသံတိတ်ဇာတ်ကားနှစ်ကားတွင် ခေါင်းဆောင် မင်းသားအဖြစ် အေဝမ်းကပင် ရိုက်ကူး၍ ထိုနှစ်ကားမှစ၍ ဇေယျ အမည်ခံယူခဲ့သည်။

၁၉၅၄-ခုနှစ်တွင်  ဒါရိုက်တာဦးချစ်ခင်ရိုက်သည့် ချစ်ပန်းသဇင် (ဇေယျ၊ မြင့်မြင့်ခင်) ကားသည် ရုရှား သို့စတာလင်ပေါင် နှစ်ထောင် ဖြင့်ရောင်းချနိုင်ခဲ့သော ဇာတ်ကားဖြစ်သည်။

၁၉၅၆ ခုနှစ်၌ ဒါရိုက်တာ သုခ ရိုက်သည့် ဘဝသံသရာ ကားတွင် ဇေယျ အကယ်ဒမီရခဲ့သည်။ ဒါရိုက်တာလည်း ထိုကားအတွက် အကယ်ဒမီရခဲ့သည်။ ဝင်ငွေအကောင်းဆုံးကားလည်း ဖြစ်ခဲ့သည်။ ၁၉၅၇ တွင်ထိုကားကို တရုတ်ပြည်သို့ စတာလင်ပေါင် သုံးထောင်ဖြင့် ရောင်းချနိုင်ခဲ့သည်။

၁၉၅၈ တွင်မိသားစုပိုင် ဇေယျာရွှေပြည် ရုပ်ရှင်ထုတ်လုပ်ရေး ကိုတည်ထောင်ခဲ့သည်။

အသက် ၆၉ နှစ်အရွယ်တွင် ရုပ်ရှင်လောကမှ အနားယူချိန်အထိ ဇာတ်ကားပေါင်း ၁၃၄ ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ 

၂၇.၇.၁၉၈၁ တွင် ရဟန်းဝတ်ခဲ့ပြီး ရိုးရိုးကြီး ဇေယျ ဘဝမှ အရှင်ဝဇီရာနန္ဒ ဘဝရောက်ခဲ့သည်။

၂၀၁၀-ခုနှစ် စက်တင်ဘာလ ၄-ရက်နေ့ သန်းကောင်ကျော်တွင် ပျံလွန်တော်မူခဲ့သည်။ သက်တော် ၈၆ ဝါတော် ၂၃ ဝါရချိန် ဖြစ်သည်။ ဒေါ်သန်းတင်နှင့် သားသမီး ကိုးယောက်အထိ ထွန်းကားခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သန်းတင်နှင့် သား ဦးရာညွန့်နှင့် ဦးရာမှုန်တို့ ကျန်ရစ်ခဲ့သည်။