ပဉ္စလောဟာပြည်တော်ပြန်အာရုံခံဘုရားကြီး

Listing Description

မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့၊ သစ္စာမြိုင်ရပ်ကွက်၊ မင်ဘူး-ဆင်ဖြူကျွန်းသွားကားလမ်းမကြီး အနောက်ဘက်တွင် တည်ရှိသည်။ ဘိုးတော်ဗဒုံမင်းလက်ထက်တွင် မယ်ပွေးတို့ဇနီးမောင်နှံသည် လယ်ယာလုပ်ကိုင်ရင်း လယ်ထဲမှ ရွှေငွေရတနာများ အများအပြား တွေ့ရှိခဲ့ရာ ဘိုးတော်ဘုရားထံ ဆက်သခဲ့ရာ ဘိုးတော်ဘုရားက ၎င်းတို့ဇနီးမောင်နှံ၏ ရိုးသားမှုကို ဂုဏ်ပြုသည့်အနေဖြင့် ရွှေငွေရတနာများကို ပြန်လည်ပေးအပ်သည့်အပြင် သူကြွယ်ဘွဲ့ပေးအပ်ခဲ့ပြီး ရွှေ၊ ငွေ၊ ကြေး၊ သံ တို့ကို ပေါင်းစပ်၍ သွန်းလောင်းထားသော ပဉ္စလောဟာရုပ်ပွားတော်မြတ်ကြီးကိုလည်း ကိုးကွယ်ပူဇော်ရန် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ မယ်ပွေးသည် ဘုရင်မင်းတရားပေးအပ်လိုက်သော ပဉ္စလောဟာဆင်းတုတော်ကြီးကို ငွေစင်ပိဿာ ၃၀ အကုန်အကျခံကာ ဘုရားစေတီတည်ထားကိုးကွယ်ပြီး "ပဉ္စလောဟာအာရုံခံဘုရားကြီး" ဟု ဘွဲ့အမည်ခေါ်တွင်ခဲ့ပါသည်။ ၁၉၉၀ ခုနှစ်တွင် ဆင်းတုတော်ကြီး၏ ဦးခေါင်းတော်ဖြတ်၍ အခိုးခံခဲ့ရပြီး ထိုင်းနိုင်ငံ မယ်ဆောက် (မဲဆောက်)ဒေသတွင် ပြန်လည်တွေ့ရှိခဲ့ကြကာ မူလဒေသ ဆင်ဖြူကျွန်းမြို့သို့ ပြန်လည်ပင့်ဆောင်ပူဇော်နိုင်ခဲ့ပါသည်။ ပြည်ပနိုင်ငံမှ ပြန်လည်ကြွရောက်လာသော ဘုရားဖြစ်သဖြင့် မူလဘွဲ့အမည် "ပဉ္စလောဟာအာရုံခံဘုရားကြီး" မှ "ပဉ္စလောဟာပြည်တော်ပြန်အာရုံခံဘုရားကြီး" ဘွဲ့အမည် ခေါ်တွင်ခဲ့ကြပါသည်။