G Fatt

Listing Description

၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖခင် ဦးညိုဦးနှင့် မိခင် ဒေါ်မြင့်မြင့်ဝေတို့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/ ၂ ရပ်ကွက်၌ မွေးဖွားခဲ့သည်။ အမည်ရင်း မောင်မြတ်သူဖြစ်သည်။ မွေးချင်း နှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်ပြီး အစ်မတစ်ဦးရှိသည်။ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ သင်္ဃန်းကျွန်းတွင် ပညာသင်ကြားခဲ့ပြီး ဒဂုံတက္ကသိုလ် တွင် မြန်မာစာ မေဂျာဖြင့် တက်ရောက်သင်ကြားခဲ့သည်။

ဂီတလောကကို underground မှ စတင် ဝင်ရောက်လာခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် Bo Bo Entertainment မှထုတ်ဝေသော group album တွင် “အမှောင်ကမ္ဘာမှ နေ့စွဲများ” သီချင်းဖြင့် ပရိသတ်များ စတင်သိရှိလာခဲ့သည်။။ 8 Day, 8 Month, 8 Hour ၊ ပြည်ပသို့ပေးစာ၊ လူသားသစ္စာ၊ ပါရမီဖြည့်ဖက်၊ shadow of moon ၊ ထာဝရထက်တစ်ရက်ပို စသည့် သီချင်းများဖြင့် ထင်ရှားကျော်ကြားလာခဲ့ပြီး အဖွဲ့အယ်လ်ဘမ်များနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ show ပွဲများစွာတွင် ပါဝင်သီဆိုလာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် စိုင်းစိုင်းခမ်းလှုင်၏ Frenzo Production နှင့် လက်တွဲခဲ့သည်။ စိုင်းစိုင်းခမ်းလှိုင် မွေးနေ့ရှိုးပွဲများတွင် နှစ်စဉ်နှစ်တိုင်း ဖျော်ဖြေတင်ဆက်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ် “ဂျင်” ထွက်ရှိခဲ့သည်။ ထိုအယ်လ်ဘမ်သည် City FM ၏ ၂၀၁၇ ခုနှစ်အတွက် တောင်းဆိုမှုအများဆုံးဆုရရှိခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဒုတိယ တစ်ကိုယ်တော်အယ်လ်ဘမ် "120/B" ထွက်ရှိခဲ့သည်။

ပထမဆုံး သရုပ်ဆောင်အနုပညာ ခြေလှမ်းအနေဖြင့်၂၀၁၈ ခုနှစ်တွင် ဒါရိုက်တာဂျိုး ရိုက်ကူးသည့် “ကိုယ့်သမိုင်းကိုယ်ရေးသူများ” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် Frenzo Production မှ စိုင်းစိုင်းခမ်းလှိုင်၊ နေဝင်း၊ ဖြိုးလေး၊ ဘန်နီဖြိုးတို့နှင့်တွဲဖက်၍ သီဆိုခဲ့သော “ငါ့ရည်းစားကပိုမိုက်တယ်” သီချင်းထွက်ရှိခဲ့သည်။ ထိုသီချင်းဗီဒီယိုကို youtube တွင် လွှင့်တင်ခဲ့ရာ ၂၄ နာရီအတွင်း ကြည့်ရှုသူ ၁ သန်းကျော်ရရှိခဲ့ပြီး ၇ ရက်အတွင်း ကြည့်ရှုသူ ၂ သန်းကျော် ရရှိခဲ့သည်။

Samsung ၏ brand ambassador အနေဖြင့် ခန့်အပ်ခံရသည်။