ရွှေနားပန်စေတီတော်

Listing Description

ရွှေနားပန်စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ-တောင်ရပ်ကွက်တွင် တည်ရှိပါသည်။ စေတီတော် မော်ကွန်းကမ္ဗည်းစာအရ ခရစ်တော်မပေါ်မီ ၅၈၁ ဘီစီ ရသေ့ခေါက်လက်ထက်မှစ၍ ကျိုက်ခေါက်၊ ကျိုက္ကစံ ဆံတော်ရှင် များနှင့် ခေတ်ပြိုင်တည်ထားခဲ့ပြီး ခြုံငယ်များကြားတွင် ပျောက်ဆုံးလျက် လူသူမသိညှိုးငယ်စွာ စံပယ်နေသည်ကို ၃ဝ၉ ဘီစီ စူဠသီရိ သောကမင်းကြီး လက်ထက်တွင် ထပ်မံပြုပြင်ခဲ့သည်။ ရှေးအခါက နဂါးလေးကောင် ခြံရံစောင့်ရှောက် သည်ဟု ယုံကြည်မှုဖြင့် 'ကျိုက်ညီဗား' ဘွဲ့တော်တွင်သော်လည်း မိဖုရားကြီး မယ်ရူပ၏ နားဋောင်း (နားပန်) ကို ဌာပနာထည့်သွင်း ပူဇော်သောကြောင့် ယနေ့ထက်တိုင် ''ရွှေနားပန်'' စေတီတော်ဟု ထင်ရှား ပါသည်။ ခရစ်နှစ် ၁၇၈၂ ခုနှစ်တွင် ဘိုးတော် ဗဒုံမင်းလက်ထက်တွင် ပြုပြင်ခဲ့ပြီးနောက် ဘိုးမင်းခေါင်မှလည်း ထပ်မံပြုပြင်ခဲ့သည်ဟု သိရပါသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သော ထီးတော်မြတ်နှင့် သာသနာ့အဆောက်အအုံများကို အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ကျိုက်ထီးဆောင်းဆရာတော်ဘဒ္ဒန္တပညာဒီပ၏ ဦးဆောင်လမ်းညွှန် တစ်ကျော့ ပြန်ဖွင့်ခေါ်မှုကို ဦးထိပ်ထား၍ ကလေးဝဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ ၏ သြဝါဒနှင့်အတူ ဇေကမ္ဘာ ကုမ္ပဏီလီမိတက် မိသားစုသား၊ သမီး၊ မြေး တို့မှ ပဓာန ဒါယကာပြုပြီး ၇ ရက်သားသမီးတို့၏ ကုသိုလ်တော်၊ ရွှေနားပန်ဂေါပကအဖွဲ့၏ အကူအညီဖြင့်လည်း ပါဝင်ကာ ပြန်လည်ပြုပြင် မွမ်းမံခဲ့ကြပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၇၂ တောင်၊ ထီးတော်အမြင့် ၁၂ တောင်နှင့် ၂ မိုက်ရှိပါသည်။ စေတီတော်တွင် မုဒ်လိုဏ်ဂူ ရှစ်ခုရှိပြီး စေတီတော်ပရဝုဏ်အတွင်း အရှေ့ဘက်မုဒ်ဝအနီးရှိ မဟာဗောဓိပင်သည် ၁၃၁၃ ခုနှစ်တွင် သီဟိုဠ်ကျွန်းမှပင့်ဆောင်၍ ရွှေနားပန်ကျောင်းတိုက်ဆရာတော် ဦးတိဿမှကြီးမှူးကာ စိုက်ပျိုးခဲ့ခြင်း ဖြစ်ပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ပြာသိုလပြည့်နေ၌ အစဉ်အလာမပြတ် ပူဇော်ကျင်းပကြပါသည်။