နိုင်ငံတကာအဆင့်မီ သုဝဏ္ဏဖူဆယ်အားကစားကွင်း ဧပြီလတွင် ဖွင့်လှစ်မည်

Listing Description

ရန်ကုန် ဇန်နဝါရီ ၃

မြန်မာနိုင်ငံတွင်တစ်ခုတည်းသော နိုင်ငံတကာ အဆင့်မီ သုဝဏ္ဏဖူဆယ်အားကစားရုံကြီးကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအနီးတွင် တည်ဆောက်လျက်ရှိရာ မတ်လတွင် တည်ဆောက်မှု ပြီးစီး၍ ဧပြီလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)ထောက်ပံ့ငွေဖြင့် နိုင်ငံတကာစံနှုန်း နှင့်အညီ တည်ဆောက်နေသော ဖူဆယ်အားကစား ကွင်းမှာ နိုင်ငံတကာပွဲစဉ်များကို ကျင်းပရန် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ရာ ပရိသတ် ၂၀၀၀ ကြည့်ရှုရန် ပြင်ဆင်ထားပြီး လူဦးရေ ၈၀၀ တိုးမြှင့် ကြည့်ရှုနိုင်ရန်လည်း ဆောင်ရွက်ထား‌ကြောင်း သိရသည်။

“အခုတည်ဆောက်မှုကို ဖီဖာက ငွေကြေး ထောက်ပံ့ထားတာပါ။ ကျွန်တော်တို့နိုင်ငံအတွက်အားကစားရုံတည်ဆောက်မှုကို တစ်နှစ် အမေရိကန် ဒေါ်လာ ခုနစ်သိန်းခွဲရတာ သုံးနှစ်စုထားပြီး ဒေါ်လာ နှစ်သန်းနဲ့ တည်ဆောက်ထားတာကြောင့် အရှေ့တောင်အာရှမှာ အခုလို တည်ဆောက်နိုင်တာ မြန်မာတစ်နိုင်ငံပဲ ရှိပါတယ်။ အဲဒီငွေကို မသုံးဘဲ စုထားခဲ့တာပါ။ မတ်လမှာတည်ဆောက်မှု ပြီးစီးမှာ ဖြစ်တဲ့အတွက် ကွင်းဖွင့်ပွဲကို ဧပြီလမှာ ကျင်းပဖို့ ရှိပါတယ်။ FIFA ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ဖို့ ရှိပါတယ်။ ဘောလုံးကိုချစ်လို့ အဖွဲ့ချုပ်မှာ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် လုပ်ဆောင်နိုင် သမျှအားလုံးကို လုပ်ဆောင်သွားမှာပါ” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အားကစားကွင်းနှင့် အားကစားရုံဌာနမှူး ဦးကျော်လင်းထွေးက ပြော သည်။

ရန်ကုန်မြို့ သုဝဏ္ဏဖူဆယ်အားကစားကွင်းတွင် VIP အခန်း၊ အဝတ်လဲခန်း လေးခန်း၊ သတင်းစာ ရှင်းလင်းပွဲခန်းမ၊ ပြိုင်ပွဲကျင်းပရေးအခန်း၊ ဒိုင်အဖွဲ့ အခန်းနှစ်ခန်း၊ ထိန်းချုပ်ခန်း၊ ကျန်းမာရေးအခန်းနှင့် သန့်စင်ခန်းများကို နိုင်ငံတကာစံနှုန်းနှင့် အညီ တည်ဆောက်ထားပြီး တစ်နှစ်စီမံကိန်းဖြစ် သော်လည်း ကိုဗစ်- ၁၉ ရောဂါကြောင့် ၂၀၂၁ ခုနှစ် မတ်လတွင် ပြီးစီးရန် ရည်မှန်းဆောင်ရွက်လျက်ရှိ သည်။ သုဝဏ္ဏဘောလုံးကွင်းကိုလည်း သန့်စင်ခန်း များနှင့် ညပိုင်းတွင် ဘောလုံးပြိုင်ပွဲရှင်းလင်းစွာ ကျင်းပနိုင်ရန် အလင်းရောင်မြှင့်တင်နိုင်မည့် လက်ရှိ အလင်းစွမ်းအား ၁၂၀၀ မှ ၂၀၀၀ အထိအဆင့်မြှင့်တင် မည့် လုပ်ငန်းနှစ်ခုကိုလည်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဘောလုံးကဏ္ဍတိုးတက်ရေးကို အားကြိုးမာန်တက် ဆန္ဒရှိသော်လည်း ကိုယ်ပိုင်ကွင်း မရှိသောကြောင့် အခက်အခဲများရှိခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ထောက်ပံ့မှုဖြင့် ဖူဆယ်ဘောလုံးကွင်းရရှိပြီးဖြစ်ရာ မြန်မာနိုင်ငံ၏ဖူဆယ်အားကစား အရှေ့တောင် အာရှတွင် အဆင့် ၃ မှအဆင့် ၁ သို့ တက်လှမ်းနိုင်ရန် အချိန်ပိုင်းသာလိုတော့ကြောင်း၊ အရှေ့တောင်အာရှ တွင် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှာ ထိပ်ပိုင်းတွင် ရပ်တည်လျက်ရှိပြီး နိုင်ငံတကာအဆင့်မီကိုယ်ပိုင် ကွင်းတစ်ခု ပိုင်ဆိုင်ပြီဖြစ်ရာ ဖူဆယ်ဘောလုံးကဏ္ဍ အနေဖြင့် အဆင့် ၁ သို့ တက်လှမ်းနိုင်ပြီဖြစ်ကြောင်း၊ ဖူဆယ်ဘောလုံးလောကအတွက်သာမက နိုင်ငံ အတွက် မှတ်တိုင်ကျန်ရစ်မည့် နိုင်ငံတကာအဆင့်မီ ဖူဆယ်ဘောလုံးကွင်းကြီးကို ဧပြီလတွင်လေးနိုင်ငံပြိုင်ပွဲဖြင့် ဖွင့်လှစ်၍ မြန်မာ့ဘောလုံးအားကစားကို မြှင့်တင်မည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက်

ဓာတ်ပုံ - သန်းစိုး